
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်
ဧရာဝတီတိုင်းအတွင်းရှိ ပုဂ္ဂလိက စာသင်ကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများကို ခန့်အပ်ပါက ကျောင်းပိုင်ရှင်များကို ကျောင်းဖွင့်လှစ်ခွင့် မှတ်ပုံတင်ရုပ်သိမ်း၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည်ဟု တိုင်းပညာရေးမှူးရုံးမှ ပြီးခဲ့သည့်သြဂုတ်လ၂၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူကာ ခြိမ်းခြောက်သတိပေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ အစည်းအဝေးခေါ်ယူပြီးနောက် သြဂုတ်လ၂၉ရက်နေ့က စတင်ပြီး မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စာသင်ကျောင်း၅၀ ထက်မနည်းကို ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများမှ ရှောင်တခင်စစ်ဆေးရန် တိုင်းပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ညွှန်ကြားခဲ့ကြောင်း ပညာရေး အသိုင်းအဝန်းထံကသိရသည်။
” အလွတ်ပုံစံ ပုသိမ်ကို အစည်းအဝေးခေါ်ပြောတယ်။ CDM ဝန်ထမ်းတွေ ခန့်ထားလားပေါ့။ ရှိနေရင်အမြန်ဆုံး အလုပ်ဖြုတ်ဖို့ မဖြုတ်ဘူးဆက်ခန့်ထားမယ်ဆိုရင် ကျောင်းလိုင်စင်ကိုလည်း သိမ်းမယ်။ပိုင်ရှင်ကိုပါ အကြမ်းဖက်ပုဒ်မနဲ့ အရေးယူမယ်ဆိုပြီး ပြောသွားတယ်။ အစည်းအဝေးဆိုတာထက် ခြိမ်းခြောက်တဲ့ပုံစံဖြစ်နေတယ်။ လာတဲ့သူကတော့လာတယ်ပေါ့” ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်နေ့၌ ပုသိမ်၊မြောင်းမြ၊ ကန်ကြီးထောင့်၊ မအူပင်၊ဓနုဖြူ၊ ဟင်္သာတ၊ကြံခင်းနှင့်မြန်အောင်တို့ရှိ ပုဂ္ဂလိကစာသင်ကျောင်းပိုင်ရှင်များကို တိုင်းပညာရေးမှူးမှ အလွတ်သဘောအစည်းအဝေးခေါ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“နေပြည်တော်ကနေ စစ်ဆေးရေးအဖွဲ့လုပ်လိုက်တယ်။ တိုင်းပညာရေးမှူးကိုထပ်ပြီးညွှန်ကြားတာပေါ့။ ၂၉ရက်ကစပြီးတော့ မြို့နယ်ရှစ် ခုက ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ CDMဝန်ထမ်းတွေရှိမရှိ လိုက်စစ်ဖို့ပြောလိုက်တာပေါ့နော်။ ခရိုင်နဲ့မြို့နယ်ပညာရေးမှူးတွေကိုတော့ လိုက်စစ်ခိုင်းနေပြီ။မြို့နယ်အလိုက်စာသင်ကျောင်း၅၀ စစ်ပြီးသွားပြီ။စာရင်းရလာတယ်။နောက်ထပ်စစ်ဆေးဖို့ရှိနေတယ်” ဟုတိုင်းပညာရေးမှူးရုံးနှင့်နီးစပ်သူတစ်ဦးကဆိုသည်။
စစ်ကောင်စီမှအထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ အခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ၏ ဖွင့်လှစ်သင်ကြားဆောင်ရွက်နေသည့် အခြေအနေများကို စိစစ်နိုင်ရန်အတွက် ပြီးခဲ့သည့်သြဂုတ်လ၂၈ရက်နေ့၌ အဖွဲ့ နှစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နေပြည်တော်ရှိ
ပညာရေးဝန်ကြီးဌာနအသိုင်းအဝန်းထံကသိရသည်။
အဆိုပါနှစ်ဖွဲ့တွင် အထက်မြန်မာပြည်ရှိ ပုဂ္ဂလိကျောင်းများစိစစ်ဆေးရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ အောင်ဆွေထွန်းက ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး အောက်မြန်မာပြည်ရှိ ပုဂ္ဂလိကကျောင်းများစိစစ်စစ်ဆေးရေးအဖွဲ့ကို ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။
ပုဂ္ဂလိကစာသင်ကျောင်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ ကွင်းစစ်ဆေးခြင်းအပြင် ကျောင်းမှတ်ပုံတင်၊ကျောင်းဖွင့်လှစ်သင်ကြားရန် ခွင့်ပြုမိန့်၊ ကျောင်း အင်္ဂါရပ် ပြည့်စုံကောင်းမွန်မှု ၊အခွန်ထမ်းဆောင်မှုနှင့်စစ်ကောင်စီ၏သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်းစသည်တို့ကိုရှိမရှိ စစ်ဆေးသွားရန်ရှိကြောင်းသိရသည်။
ထို့အပြင်ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားများကို ထည့်သွင်းစည်းရုံး သင်ကြားခြင်း၊ဘာသာရေး၊ နိုင်ငံရေး များကို သင်ကြားနေခြင်းရှိမရှိကိုလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။ပြီးခဲ့သည့်သြဂုတ်လ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ International School (၃၀)ခန့်ကို စစ်ကောင်စီလက်အောက်ခံပညာရေး စီစစ်ဆေးအရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
#ဧရာဝတီတိုင်း #ပုဂ္ဂလိက #စာသင်ကျောင်း #CDM ပညာရေးဝန်ထမ်းများ #ခန့်အပ် #လိုင်စင်ရုပ်သိမ်း #အကြမ်းဖက်တိုက်ဖျက်ရေး #ပုဒ်မဖြင့်အရေးယူမည်ဟုခြိမ်းခြောက် #Ayeyarwaddy_Times