
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ရက်
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်ရင်းအလိုက် တပ်တွင်းရိက္ခာ အဖြစ် ပိုးစားမှိုတက်နေသည့် ဆန်များကိုထုတ်ပေးနေမှုကြောင့် တပ်မိသားစုဝင်များအနေဖြင့် အပြင်ဆန်များကို စျေးကြီးပေး ဝယ်စားနေရသည့်အတွက် အခက်ကြုံနေရကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံကသိရသည်။
ဧရာဝတီတိုင်းရှိ တပ်ရင်းအလိုက် ပြီးခဲ့သည့်ဇူလိုင်လကုန်မှစ၍ တပ်တွင်းရိက္ခာ များအဖြစ် ပိုးစားမှိုတက်နေသည့်ဆန်များကို ထုတ်ပေးလာခြင်းဖြစ်ပြီး ပြန်လည်တင်ပြပါက ဆန်အသိမ်းခံရမည်ဟု တပ်ရင်းမှူးများမှ ခြိမ်းခြောက်သတိပေးခံနေရကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)၏ တပ်တွင်းမိသားစုဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
“ရိက္ခာ ဆန်တွေက အကုန်ပိုးထိုးနေတာချည်းပဲ။ မှိုတက်တဲ့ဆန်တွေပါလာတယ်။ တပ်ရင်းမှူးတွေကိုတော့ ဆန်အကောင်းတွေပို့ပေးပြီးတော့ အောက်ခြေဆင့်တွေကို ပိုးထိုးမှိုတက်တဲ့ ဆန်တွေထုတ်ပေးနေတာ။ဖြစ်နေတာတစ်လကျော်ပြီ။ ပြန်တင်ပြရင်လည်း မလိုချင်ရင်မယူနဲ့ ကိုယ့်ဘာသာဝယ်စားနိုင်ရင် ဝယ်စားဆိုပြီးခြိမ်းခြောက်ခံနေရတယ်” ဟု ၄င်းကပြောသည်။
ယင်းကဲ့သို့ တပ်တွင်းရိက္ခာထုတ်ပေးရာတွင် အမျိုးသားများရှေ့တန်းထွက်ချိန်ဖြင့် တိုက်ဆိုင်ပါက လစာအပြည့်မပေးခြင်းအပြင် တပ်အပြင်ထွက်ခွင့်မရခြင်းနှင့် တပ်ပြင်ပသို့ ထွက်၍ အလုပ်လုပ်ကိုင်ရန် ခွင့်မပြုခြင်းကြောင့် တပ်မိသားစုများ စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း တပ်တွင်းမိသားစုဝင်များက ပြောဆိုသည်။
” အခုကုန်စျေးနှုန်းတက်တာ တပ်ထဲမှာလည်းထိခိုက်နေတယ် ။ရိက္ခာထုတ်ပေးတဲ့အချိန် ယောက်ျားတွေကရှေ့တန်းသွားနေရင် လစာတဝက်ပဲပေးတယ်။ ယောက်ျားဆီလည်း လစာမရောက်ဘူး။ တပ်ပြင်ထွက်မရတော့ ရိက္ခာဆန်တွေက မှိုတက်တာဆိုရင်အပြင်ကိုပြန်မှာရတယ်။အခုဆန်စျေးကမတရားတက်နေတော့ ပြည်ကောက်ပုံစံနဲ့ပဲမှာ နိုင်တော့တယ်။တပ်ထဲမှာစားဖို့အတွက် တော်တော်လေးကိုခက်ခဲနေပြီ” ဟု ညောင်တုန်းအခြေစိုက် ခမရ(၉၀၅)တပ်တွင်းမိသားစုဝင်တစ်ဦးကဆိုသည်။
စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းအလိုက်ကရင်၊ကရင်နီစသည့်နေရာများသို့ ရှေ့တန်းစေခိုင်းခံနေရပြီး တပ်တွင်းမိသားစုဝင်များကို ကင်းစောင့်စေခိုင်းခြင်း၊ လစာနှင့်တပ်ရိက္ခာအချို့ကို လျော့ချနေမှုကြောင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းတပ်တွင်း အသိုင်းအဝန်းထံကသိရသည်။
#ဧရာဝတီတိုင်း #စစ်တပ် #ရိက္ခာအဖြစ် #ပိုးစားမှိုတက်ဆန် #ထုတ်ပေးနေ၍ #အပြင်ဆန်ကြမ်းကိုသာ ဝယ်စားနေရ #Ayeyarwaddy_Times