
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၁ ရက်
နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကိုသာ ဇောင်းပေး တိုက်တွန်းနေခြင်းသည် စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်ရစေရန် အချိန်ပေးသလိုဖြစ်ပြီး ယင်းတို့၏ ဖိနှိပ်မှုများအား ပိုမိုဆိုးရွားစေ၍ တွေ့ဆုံ ဆွေးနွေးရေးသည် ပြောဆိုရမည့် အာဂျင်ဒါမဟုတ်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။
အာဆီယံ၏ ကြိုးစားမှု (၂)နှစ်တာကာလတွင် စစ်ကောင်စီက မည်သို့တုံ့ပြန်ခဲ့သည်ကို သိရှိနိုင်ပြီး နိုင်ငံတကာက မေးမြန်းနေသည့် စေ့စပ်ဆွေးနွေးရေးကိုလည်း စိတ်ဝင်စား မှုနှင့် လိုက်လျောမှုမရှိကြောင်း ပြသနေသည်ဟု ဩဂုတ်လ ၂၉ ရက်က ပြုလုပ်သည့် နိုင်ငံခြားရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်က မီဒီယာများကို ဖြေကြားခဲ့သည်။
“ကျွန်မတို့ကို အခုလိုမျိုး တွေ့ဆုံဆွေးနွေးရေး တစ်ခုတည်းကိုပဲ ဇောင်းပေးပြီးတော့ ပြောနေတာ တိုက်တွန်းနေတာက စစ်ကောင်စီကို အချိန်ပေးပြီးတော့ သူ့ရဲ့ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားစေတယ်ဆိုတာကိုပဲ ဖြစ်စေတယ်။ စစ်ကောင်စီက သူ့ရဲ့ ထွက်ပေါက်ဆီကို သွားဖို့အချိန်ဆွဲတဲ့ Mechanism (ယန္တရား)ကို သုံးနေတာ ဖြစ်တဲ့အတွက် dialogue (တွေ့ဆုံဆွေးနွေးရေး)ကို အယောင်ပြပြီးတော့ သူသက်ဆိုးရှည်ဖို့ လုပ်နေတဲ့ကိစ္စကို ကျွန်မတို့က support (ထောက်ပံ့) သလိုပဲ ဖြစ်နေမယ့် အခြေအနေမျိုးရှိတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ အခုအချိန်မှာပေါ့နော် ပြောဆိုရမယ့် အာဂျင်ဒါ (အစီအစဉ်) မဟုတ်ဘူးလို့ပဲ ကျွန်မတို့အနေနဲ့ မြင်မိပါတယ်” ဟု NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ထို့အပြင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလနှင့်ကိုက်ညီ သောနိုင်ငံခြားရေးမူဝါဒများကို ချမှတ်ကျင့်သုံးနေပြီး ယင်းမူဝါဒ လမ်းညွှန် စည်းမျဉ်းများ သည် ဖက်ဒရယ်ပဋိညာဉ်ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိသည်။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သမျှသော နိုင်ငံများနှင့်လည်း နိုင်ငံတကာ ဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ဆန့်ကျင်ခြင်းမရှိဘဲ ဆက်ဆံသွားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ တစ်ခုတည်းသော နိုင်ငံရေးလမ်းပြ မြေပုံသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညဉ်သာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ နွေဦး တော်လှန်ရေး၏ အန္တိမပန်းတိုင်အတိုင်း နိုင်ငံရေးအင်အားစုများ၊ သပိတ်အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် သဘောထား ထပ်တူရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ကို ရည်ညွှန်း၍ တွေ့ဆုံဆွေးနွေးရေး လုပ်လိုပါက တိုက်ခိုက်မှုများကို ရှုံ့ချစွန့်ခွာပြီး ကမ္ဘာသိအောင် ကြေညာရမည်ဟု ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဓာတ်ပုံ -စစ်ကောင်စီတပ် (ပုံဟောင်း)
#နိုင်ငံတကာ #တွေ့ဆုံဆွေးနွေးရေး #ဇောင်းပေးတိုက်တွန်း #စစ်ကောင်စီဖိနှိပ်မှုများ #ပိုမိုဆိုးရွာစေ #NUG #Ayeyarwaddy_Times