ဧရာဝတီတိုင်းမ်

ဩဂုတ် ၃၀ ရက်

ယခု မိုးကာလအတွင်း မိုခါဆိုင်ကလုံးမုန်တိုင်း တိုက်ခိုက်ခံရမှုအပါအဝင် ရေကြီး ရေလျှံမှုများကြောင့် မိုးစပါးစိုက်ပျိုးဧက လျော့နည်းလာသဖြင့် ရခိုင်ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်နိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူ လယ်သမား များသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးဧက ရှစ်သိန်းဝန်းကျင်ရှိပြီး ယခုနှစ်တွင် စပါးအထွက်နှုန်းလျော့ကျနိုင်သည့် အခြေအနေရှိကြောင်း ဦးကျော်ဇံထံက သိရသည်။

“ ရခိုင်ဒေသအတွက် ဒီနှစ် ကျွန်တော်တို့ထုတ်လုပ်တဲ့ဆန်စပါးက ပြင်ပဈေးကွက်ကို ရောက်နိုင်ဖို့က တော်တော် အခက်ခဲဖြစ်မယ်။ ဝမ်းစာဖူလုံရေးအတွက်တောင် မလုံလောက် ဖြစ်နေတယ်လို့ ခန့်မှန်းနေကြတယ်” ဟု ဦးကျော်ဇံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် တောင်သူအများစုက အရင်းအနှီးနည်းသည့် ဧည့်မထဆန်အမျိုးအစား ကိုသာ စိုက်ပျိုးနိုင်ပြီး ရင်းနှီးငွေများများထည့်ဝင်နိုင်သော တောင်သူကြီးများက ပြည်မ ဈေးကွက်ပို့ရန် ပေါ်ဆန်းမွှေးအုပ်စုဝင်များစိုက်ပျိုးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားများသမဂ္ဂထံက သိရသည်။

“မစိုက်ခင်ကတည်းက ဒေသအတွက် ပြည်မအတွက်ဆိုပြီးတော့ခြားနားပြီးတော့ စိုက်ပျိုးကြတာရှိတယ်။ ပေါ်ဆန်းကတော့ ပြည်မကိုအခြေခံပြီးစိုက်ကြတယ်။ စစ်တွေ မြို့ပေါ်ဈေးကွက်မှာလဲ အသင့်အတင့်ရှိတယ်။ ဧည့်မထအုပ်စုကတော့ဒေသအတွက်ပေါ့။ ဒီဒေသမှာ ဆန်ကြမ်း ဈေးပေါတာကို စားကြတဲ့သူတွေများတော့ ဒေသအတွက် စိုက်ကြတယ်။ အရင်းအနှီးကလည်းအားထုတ်စရာမရှိဘူး” ဟု ဦးကျော်ဇံက ပြောကြား သည်။

ပြီးခဲ့သည့်လပိုင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးဧက ခုနစ်သောင်း(၇၀,၀၀၀)ကျော် ရေနစ်မြုပ်ခဲ့ပြီး ပြန်လည်ပြုပြင်ရာတွင် ဓာတ်မြေဩဇာတစ်အိတ် တစ်သိန်းကျော်ဖြင့် စျေးကြီးပေးဝယ်ယူရသဖြင့် ကုန်ကျစရိတ်ပိုများပြီး အရင်းအနှီးများခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားများသမဂ္ဂ ဥက္ကဌ ထံက သိရသည်။

“သူတို့ (စစ်ကောင်စီ)ကတော့ မိုခါတုန်းကတောင် ဒီလောက်ပျက်စီးသွားတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ကို မပြောပလောက်တဲ့ မြင်ကွင်းထဲမှာမြင်ရုံလောက်ပဲ မှတ်တမ်းတင်ရုံလေးပဲထောက်ပံ့တာမျိုး ရှိတယ်” ဟု ဦးကျော်ဇံက ဆိုသည်။

တိုင်းနှင့်ပြည်နယ်တို့တွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးကတဆင့် ဓာတ်မြေ ဩဇာတစ်အိတ် ကျပ်ခုနစ်သောင်းကျော်ဖြင့် ရောင်းချပေးနေရာတွင် ရခိုင်ပြည်နယ်၌ ဈေးနှုန်းသက်သာစွာရရှိခြင်းမရှိကြောင်း ရခိုင်ပြည်နယ်ရှိ လယ်သမားတစ်ဦးက ပြောကြားသည်။

နိုင်ငံအတွင်း မိုးစပါးစိုက်ပျိုးဧကလျော့နည်းခြင်း၊ စပါးအထွက်နှုန်းလျော့ကျခြင်း တို့ကြုံရချိန်တွင် ကုန်သွယ်ရေးလမ်းကြောင်းရှိနေခြင်းကြောင့် ကုန်သည်များက အလုအယက် ဝယ်ယူနိုင်သဖြင့် လာမည့်မိုးစပါးထွက်ချိန်တွင် ဆန်စပါးရှားပါးကာ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက သတိပေးပြောကြားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ရခိုင်ပြည်နယ် #စားနပ်ရိက္ခာဖူလုံရေး #မိုးစပါး #ဆန်စပါးရှားပါး #ဈေးနှုန်းမြင့်တက်နိုင် #Ayeyarwaddy_Times