ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၃၁ ရက်

ရန်ကုန်တိုင်း၊ စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံဆေးတက္ကသိုလ်မှ အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီးရဲရင့်ဆွေကို စစ်ခေါင်းဆောင်အား စော်ကားသည့်ပို့စ်များ အွန်လိုင်းတွင် ဖြန့်ဝေသည်ဟု စွပ်စွဲချက်ဖြင့် စစ်ဘက်ဆိုင်ရာ တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဒုတိယဗိုလ်မှူးကြီး အောင်ခန့်ကိုလည်း တပ်တွင်းသတင်းပေးမှုများ ပြုလုပ်နေသည်ဟုဆိုကာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ယခုဩဂုတ်လအတွင်း စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံဆေးတက္ကသိုလ်မှ အပတ်စဉ် ၁၅ ဆင်း ဆေးပညာ မဟာသိပ္ပံ(M.Med.SC) အပတ်စဉ် ၂၉ ဆင်း တတိယနှစ် ဘွဲ့လွန်တက်ရောက်နေသည့် အသက် ၃၂ နှစ်အရွယ်ရှိ စစ်ဆေးဆရာ၀န် ဗိုလ်ကြီးရဲရင့်ဆွေကို တပ်တွင်းပုန်ကန်မှုဖြစ်ရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ခုံရုံးမှ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

တပ်တွင်း၌မူ ဗိုလ်ကြီးရဲရင့်ဆွေကို NUG ကျန်းမာရေး ၀န်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဆွေမျိုးတော်စပ်သဖြင့် အငြိုးထားကာ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းဖြန့်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ် ၄ ဆင်း ဒုတိယဗိုလ်မှူးကြီး အောင်ခန့်ကို တပ်တွင်းသတင်းပေးသည်ဟု စစ်ကောင်စီကစွပ်စွဲကာ စစ်ခုံရုံး ၌ပင် ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်ကြောင်း သိရသည်။

“အခုက သူတို့စွပ်စွဲတဲ့ ပြစ်မှုတွေထက် နောက်ကွယ်က အကြောင်းအရာ တစ်ခုခုရှိမယ်ထင်တယ်။ ပြီးတော့ တပ်ထဲမှာ ဖရဲသီးတွေကို ရှင်းလင်းဖို့ စစ်ဆင် ရေး သဘောမျိုးတွေ လုပ်နေတာရှိတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ယခုလအတွင်းတွင် စစ်ကောင်စီက စစ်တပ်အတွက် အသက်ပေးတိုက်ပွဲ၀င်ရန် ဝါဒဖြန့်သီချင်းကို ရေး သားသီဆိုခဲ့သည့် ဗိုလ်ကြီး နိုင်နိုင်ထွန်းကိုလည်း စစ် တိုက်ရန်ငြင်းဆိုသဖြင့် ရှေ့တန်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် အရာရှိနှစ်ဦး သေဒဏ်နှင့်ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရမှုအပေါ် ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေပြီး စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရန်ချယ်နယ် တစ်ခုတွင်မူ ဖရဲသီး စစ်ဆင်ရေးစပြီဟု ဆိုထားသည်။

#တပ်မတော်ဆေးတက္ကသိုလ် #ဗိုလ်ကြီးရဲရင့်‌‌ဆွေ #သေဒဏ်ချမှတ်ခံရ#ဒုဗိုလ်မှူးကြီးခန့်အောင် #ထောင်နှစ်ရှည်ချခံရ #Ayeyarwaddy_Times