
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၀ ရက်
ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့ ယမန်နေ့က တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာအပြင် လက်နက်ကြီး အလုံး ၆၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။
စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံ ခမရ- ၄၂၀၊ ၄၁၇ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် ယမန်နေ့ သြဂုတ်လ ၂၉ ရက်၊ နံနက် ၉ နာရီခန့်က မူဆယ်မြို့ TNLA တပ်ရှိရာ လွယ်တယ်မိန်းတောင်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် နားထန်အနီးတွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စယ်လန်းကျေးရွာအနီး၌ တစ်ကြိမ် တိုက်ပွဲ နှစ် နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ကွတ်ခိုင်မြို့နယ် TNLA ရှိရာ လွယ်နောဖောင်သို့ စစ်ကောင်စီ လက်အောက်ခံ စကခ – ၁၇၊ ခမရ – ၅၇၇၊ ရမခ/ခရလ – ၄၅ တို့ ထိုးစစ်ဆင်လာသဖြင့် နံနက် ၁၁ နာရီခန့်တွင် ခိုမုန်းကျေးရွာအနီးတွင်္င တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု များပြားကြောင်း သိရှိရပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း TNLA က ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ယင်းတိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဝန်းကျင်ဖြစ်သော လွယ်မောက်တောင်သို့ နမ့်ဖက်ကာတပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၂၀)၊ ၁၀၅ မိုင်တပ်စခန်းမှ (၁၅)ကြိမ်၊ စယ်လန့်ရွာ စေတီတောင်နှင့် စယ်လန့်ရွာသို့ လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။
ယင်းအပြင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင်လည်း တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး ရှစ် လုံးဖြင့် လာရောက်ကျဲခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာရှိ ဒေသခံများ ထိခိုက်မှုရှိခဲ့ပြီး နေအိမ်များလည် ထိခိုက်ပျက်စီးကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နှင့် စစ်ကောင်စီတပ်တို့ အကြား ယခုလ သြဂုတ်လ ၂၉ ရက်အထိ တိုက်ပွဲစုစုပေါင်း (၁၈) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- TNLA
#မူဆယ်ကွတ်ခိုင် #စစ်ကောင်စီတပ်နှင့်TNLA #တိုက်ပွဲ၃ကြိမ်ဖြစ်ပွား #ဂျက်လေယာဉ် #လက်နက်ကြီးအလုံး၆၀ကျော်ပစ်ခတ် #Ayeyarwaddy_Times