
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့်ဩဂုတ်လ ၂၈ရက်ကစတင်ပြီး နေ့စားကျောင်းဆရာ၊ဆရာမများအတွက်လစဉ်ရန်ပုံငွေအဖြစ် ငွေသုံးသောင်းကျပ်ထက် မနည်း ကျောင်းသားမိဘများထံ အတင်းအကျပ် ကောက်ခံနေကြောင်း ပညာရေး အသိုင်းအဝန်းနှင့် ကျောင်းသားမိဘများထံက သိရသည်။
နေ့စားကျောင်းဆရာ၊ဆရာမ များအတွက် လစာပေးရန်နှင့် ကျောင်းဖွံ့ဖြိုးရေး လစဥ်ရန်ပုံငွေအဖြစ် ငွေကျပ် ၃၀၀၀၀ ကျပ်ထက် မနည်းကို မိဘများထံမှ ကောက်ခံရန် သြဂုတ်လ၂၈ရက်နေ့က အကြောင်းကြားစာများ ပေးပို့လာကြောင်း မြို့ခံကျောင်းသားမိဘများထံက သိရသည်။
“ ကလေးတွေလက်ထဲကို အလှူခံဖြတ်ပိုင်းတွေ ပေးလိုက်တယ်။ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေထည့်ဖို့ဆိုပြီး လစဥ်သုံးသောင်းကောက်တယ်။ ဆရာမတွေဆီမေးကြည့်မှ လစာမလောက်လို့ ရန်ပုံငွေပုံစံ ကောက်မှန်းသိရတာ” ဟု ကန်ကြီးထောင့် မြို့ခံကျောင်းသားမိဘတစ်ဦးကပြောသည်။
ယင်းသို့ငွေကြေးကောက်ခံရန် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က ကန်ကြီးထောင့်မြို့နယ်ရှိ နေ့စားကျောင်းဆရာ၊ဆရာမများအတွက် လစာငွေလုံလောက်စွာ မပေးအပ်နိုင်မှုအပေါ် သက်ဆိုင်ရာကျောင်းအုပ်များကို မြို့နယ်ပညာရေးမှူးရုံးမှ အစည်းအဝေးခေါ်ယူ၍ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ်ရှိ နေ့စား ကျောင်းဆရာ၊ ဆရာမ အသိုင်းအဝန်းထံကသိရသည်။
” လစာတွေကို အကြောင်းမဲ့ဖြတ်တောက်တာ များလို့ဆိုပြီး ကျောင်းသားမိဘတွေကို ငွေကောက်ဖို့ မြို့နယ်ပညာရေးမှူးရုံးက ကျောင်းအုပ်တွေကို အလွတ်ပုံစံနဲ့ အစည်းအဝေးခေါ်ပြောတာ။ ကျောင်းအုပ်တွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် မိဘတွေဆီက တစ်ယောက်ကို သုံးသောင်းမဖြစ်မနေ ကောက်ရမယ်ပေါ့။ အဲ့ဒီကိစ္စ မိဘတွေကို အစည်းအဝေးခေါ်ပြီး အလှူငွေပုံစံကောက်ဖို့ လုပ်နေတယ်” ဟု အမည်မဖော်လိုသည့် ကန်ကြီးထောင့်မြို့ခံနေ့စားမူလတန်းပြ ဆရာမတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ အာဏာသိမ်းယူမှု နှစ် နှစ်ခွဲကျော်အတွင်း ပညာရေးဝန်ထမ်း သိန်းချီပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ခဲ့ရာ ကျောင်းဆရာ၊ ဆရာမ မလုံလောက်မှုကြောင့် ပညာရေးကိုး တန်းအောင်မြင်သူများကို နေ့စားမူလတန်းပြအဖြစ်ခန့်အပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေ့စားဝန်ထမ်းခန့်အပ်၍ လစာပေးအပ်ရာ၌ အကြောင်းအမျိုးမျိုးပြကာ လစာဖြတ်တောက်နေမှုကြောင့် လစာမလုံလောက်မှု ပြဿနာများဖြစ်ပေါ်နေပြီး မူလတန်းအဆင့် နေ့စားဝန်ထမ်း တစ်ဦးလျှင်ငွေ
ကျပ်တစ်သိန်းခွဲသာ ရရှိကြောင်း နေ့စားပညာရေးဝန်ထမ်းအသိုင်းအဝန်းထံကသိရသည်။
#ကန်ကြီးထောင့် #နေ့စားကျောင်းဆရာဆရာမ #လစဉ်ရန်ပုံငွေ #ငွေသုံးသောင်းကျပ်ထက်မနည်း #ကျောင်းသားမိဘများထံကောက်ခံ
#Ayeyarwaddy_Times