ဧရာ၀တီတိုင်းမ်

ဩဂုတ် ၃၀ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ လက်ခတ်တောင်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် KNLA နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ စခန်းကုန်းကို လက်လွတ်ဆုံးရှုံးလိုက်ရရ၍ နည်းမျိုးစုံဖြင့် ပြန်လည်ရရှိ ရန်ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လက်ခတ်တောင်စခန်းကုန်းသည် ဘုရားကုန်းဖြစ်ကြောင်း စစ်ကောင်စီတပ်က ဆိုထား၍ စစ်ကောင်စီတပ်အနေဖြင့် ယင်းနေရာတွင် ထပ်မံတပ်စွဲနေထိုင်ခြင်း မပြုလုပ်ဟု ကတိပေးပါက ချက်ချင်းဖယ်ပေးမည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ‌ဗိုလ်ဒါဘောက ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

စစ်ကောင်စီတပ်သည် လက်ခတ်တောင် စခန်းကုန်းတွင် ယခင်ကတည်းက တပ်စွဲ နေထိုင်နေခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုရားကုန်းပေါ်မှနေ၍ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို အစဉ်တစိုက် ပြုလုပ်နေခြင်းကြောင့် တပ်စခန်းကုန်းကို သိမ်းယူခြင်းဖြစ်သည်ဟု ဗိုလ်ဒါဘောက ဆိုထားသည်။

“သူတို့(စစ်ကောင်စီတပ်)အနေနဲ့ ဒီနယ်မြေကို သာသနာ့နယ်မြေလို့ သတ် မှတ်တယ် ဆိုရင် စစ်ကောင်စီတပ်ဘက်က တာ၀န်ရှိတဲ့ အရာရှိတစ်ယောက်ယောက်က ဒီအပေါ်မှာ တပ်မစွဲတော့ပါဘူးလို့ တာ၀န်ယူမှု တာ၀န်ခံမှုပေးနိုင်တယ်ဆိုရင်၊ မည်သည့် လက်နက်ကိုင်ကိုမှ ခွင့်မပြုတော့ပါဘူးဆိုရင် ချက်ချင်းပြောလိုက်။ ကျွန်တော်တို့က အချိန်မရွေး တပ်ပြန်ရုပ်သိမ်းပေးမယ်”ဟု ကော်ဘရာစစ်ကြောင်း မှူး ဗိုလ်ဒါဘောက ပြောကြားသည်။

စစ်ကောင်စီတပ်သည် စစ်ရေးအရဗျူဟာကျသည့် လက်ခတ်တောင် စခန်းကုန်းကို လက်လွှတ်လိုက်ရသည့် အချိန်မှစ၍ ယခု ဩဂုတ်လအတွင်း အကြိမ်ပေါင်းများစွာ ထိုး စစ်ဆင်ပြီး ပြန်လည်ရယူဖို့ ကြိုးပမ်းမှုများပြုလုပ်ခဲ့ပြီး KNLA နှင့် ပူးပေါင်း တော်လှန်ရေးအဖွဲ့အနေဖြင့် အဆိုပါ နေရာမှဖယ်ပေး မည်ဆိုပါက စစ်ကောင်စီဘက်က သာသနာ့နယ်မြေဟုဆိုကာ တပ်စွဲခြင်းပြုလုပ်မည်မဟုတ်ဟု တာ၀န်ယူ ၊ တာ၀န်ခံလျင်ပင် ယုံနိုင်ဖွယ်ရှိမည် မဟုတ်ကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ပြောကြားသည်။

“ဘာသာရေးကို ခုတုံးလုပ်ပြီး ပြန်ရယူနိုင်ဖို့ အမျိုးမျိုး ကြိုးစားနေတဲ့ စစ်ကောင်စီက ဗိုလ်ဒါဘောပြောသလို ကတိတည်မယ့်လူစားမျိုးတွေ မဟုတ်ဘူး။ အစကတည်းကမှ သာသနာ့နယ်မြေဆိုတာ သိသိကြီးနဲ့ တပ်စွဲ၊ ဘန်ကာတွေဆောက်ထားတာမြင်နေရတာ။ အဲ့ဒီနေရာကို ဖယ်ပေးလိုက်ရင် အရင်ထက်ဆိုးတာတွေပဲ ဖြစ်လာလိမ့်မယ်။ စစ်ကောင်စီက ယုံလို့ရတဲ့လူစားမျိုးလား၊ ပြန်ဆင်းပေးမယ်ဆိုတာတော့ သဘောမကျဘူး”ဟု CDM ဗိုလ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်းအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်ပူးပေါင်း တပ်များ၏ ထောက်ပို့လမ်းကြောင်းများနှင့် ကျေးရွာများကို လက်ခတ်တောင် ဘုရားကုန်းပေါ် မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပြီး သာသနာ့ နယ်‌မြေဟု ဆိုသော်လည်း စစ်ကောင်စီတပ်၏ ဘန်ကာများ၊ လက်နက်ကြီးပစ်ခတ်ရန် ပြုလုပ်ထားသည့်နေရာများ အခိုင်အမာဆောက်လုပ် ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယခုအချိန်ထိလည်း အဆိုပါ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်တပ်စွဲလို၍ မြေပြင်စစ်ကြောင်းအပြင် လေယာဉ်ပစ်ကူများကို နေ့စဉ် အသုံးပြုတိုက်ခိုက်လျက်ရှိပြီး တပ်ရင်း တပ်ဖွဲ့အင်အားများ တိုး၍ပို့ဆောင်လျက်ရှိသည်။ ယင်းအချက်အလက်များကို ကြည့်ခြင်းဖြင့် စခန်းကုန်းကို လက်လွှတ်ပြီး သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပေးမည်မဟုတ်ကြောင်း ထင်ရှားသည်ဟု CDM ဗိုလ်ကြီးကဆိုသည်။

ဓာတ်ပုံ- Cobra Column

#ကရင် #မြ၀တီ #လက်ခတ်တောင်ဘုရားကုန်း #ကောဘရာစစ်ကြောင်းမှူးဗိုလ်ဒါဘော #CDMဗိုလ်ကြီး #Ayeyarwaddy_Times