
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၀ ရက်
နွေဦးတော်လှန်ရေး ထိုးစစ်ကာလအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များ၏ အဓိကလိုအပ်ချက်များကို မိမိကြိုက်နှစ်သက်ရာ တိုင်းနှင့်ပြည်နယ် အလိုက် ရွေးချယ်ထောက်ပို့နိုင်မည့် ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် PRF 2.0 အစီအစဥ်အသစ်တွင် ပြည်သူများ ပါဝင်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ဖိတ်ခေါ်ထားသည်။
လက်ရှိတွင် ခုခံတော်လှန်ရေးသည် ခံစစ်ကာလမှ ထိုးစစ်အကြိုကာလသို့ ပြောင်းလဲ တိုးတက်လာပြီး စစ်ရေးအခြေအနေများနှင့်အညီ ထောက်ပို့အခန်းကဏ္ဍ၏ ခြေလှမ်း သစ်အဖြစ် PRF 2.0 ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကြား က ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် ပြုလုပ်သော PRF 2.0 မိတ်ဆက်ပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။
“မူလကတော့ ကျွန်တော်တို့ ခုခံတော်လှန်စစ်က စစ်ကိုင်း၊ ချင်း၊ ကရင်နဲ့ ကရင်နီ နယ်စပ်ဒေသတွေမှာပဲ ဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ စစ်မျက်နှာတွေ ကျယ်လာ တယ်။ စစ်မျက်နှာ ဖွင့်တဲ့နေရာတွေ အများကြီးဖြစ်လာတယ်။ နောက်ဆုံး Update ကတော့ နေပြည်တော်နဲ့မဝေးတဲ့ နေရာတွေမှာ ကျွန်တော်တို့ တိုက်ပွဲဖော်လာတဲ့ ကိစ္စတွေ ရှိလာပြီ။ နောက်ပိုင်းကိုလည်း ဒီထက်ပိုပြီး ထိတွေ့မှုတွေ ကျွန်တော်တို့ရှိလာဖို့ ရှိပါတယ်။ နေပြည်တော် စစ်ဌာနချုပ်ကို အကြိုထိုးစစ်က စပြီးလုပ်ဆောင်နေတာ ကျွန်တော်တို့ ရှိပါပြီ” ဟု MOD ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကြားက ပြောသည်။
ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု (PRF)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များအတွက် နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင်ဖွဲ့စည်းထားသည့် ထောက်ပို့တပ်ဖွဲ့ ဖြစ်ပြီး တစ်ခုတည်းသော ဘဏ္ဍာငွေရှာဖွေရေး စီမံချက်လည်းဖြစ်ကြောင်း သိရသည်။
ထို PRF အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ အထိ (၁၇)လတာကာလအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၀ဒသမ၉၃ သန်း ရရှိခဲ့ကာ NUG လက်အောက်ခံ PDF တပ်ရင်း / စစ်ကြောင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များ၊ ဒေသကာကွယ်ရေးအဖွဲ့ (LDFs)များနှင့် စစ်လက်နက်ထုတ်လုပ်ရေး စခန်းများထံသို့ ခွဲဝေထောက်ပို့ခဲ့ကြောင်း NUG ထံက သိရသည်။
ယခု PRF 2.0 အစီအစဥ်အသစ်တွင် ထောက်ပို့မိသားစုဝင်များ ထောက်ပို့လိုသော တိုင်းနှင့်ပြည်နယ်များကို ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ထောက်ပို့မိသားစုဝင်များရွေးချယ် ထားသည့် ဒေသများတွင် အခြေစိုက်သည့် PDF တပ်ရင်း / စစ်ကြောင်းများ (သို့မဟုတ်) မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများထံသို့ ခွဲဝေပေးပို့သွားမည်ဖြစ်ပြီး မည်သည့် တိုင်းနှင့်ပြည်နယ်များသို့ ထောက်ပို့မိသားစုဝင် ဘယ်နှစ်ဦးက မည်မျှ ထောက်ပံ့ပို့ဆောင် ပေးနေသည်ကိုလည်း လစဥ်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို PRF 2.0 အစီအစဥ်အသစ်အတွက် ထောက်ပို့တပ်သားကတ်များ ထုတ်ပေးရာ တွင်လည်း မည်သည့်ဒေသအတွက် ထောက်ပံ့ပို့ဆောင်နေသည့် တပ်သားဖြစ်ကြောင်းကို ကတ်ပြားတွင် တပါတည်း ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ထောက်ပို့တပ်သားကတ်တွင် ပါဝင်သည့် QR Code ကို အသုံးပြု ဖတ်ရှူသောအခါတွင် မိမိထောက်ပို့ခဲ့သည့် မှတ်တမ်းကိုလည်း ပြန်လည်ကြည့်ရှုနိုင်မည့် အပြင် လစဥ်မပြတ် ထောက်ပို့ခဲ့သော ထောက်ပို့တပ်သားများကိုလည်း ထူးချွန်သော ထောက်ပို့တပ်သားဆိုင်ရာ အသိအမှတ်ပြု တံဆိပ်များအား ထောက်ပို့တပ်သားကတ် တွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ကြောင်း NUG က ဆိုထားသည်။
#ခုခံစစ် #တော်လှန်ရေးထိုးစစ်ကာလ #တိုင်းနှင့်ပြည်နယ်အလိုက်ထောက်ပို့ #PRF2.0 #NUGဖိတ်ခေါ် #Ayeyarwaddy_Times