
ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ ဩဂုတ်လ ၃၀ ရက်
ပဲခူးတိုင်း၊ ကေအန်ယူအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိ(ရွှေကျင်)မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာသို့ ယမန်နေ့ဩဂုတ်လ ၂၉ ရက်နေ့က ဗုံးခိုကျင်းအတွင်း ပုန်းနေသည့် ၇ နှစ်အရွယ်ကလေးငယ်နှင့် မိခင် ဖြစ်သူတို့သည် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၂၆၄ တပ်ရင်းမှ ၁၂၂-မမ လက်နက်ကြီး သုံးလုံးကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပျဉ်ရေကြီးကျေးရွာ အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၇) နှစ်အရွယ် မသွန်းရတီဖူးနှင့် အမေဖြစ်သူ ဒေါ်စန်းမျိုးဦး အသက်(၄၄)နှစ် တို့ နှစ်ဦးလက်နက်ကြီးကျည်စထိမှန်၍ သေဆုံးခဲ့ ကြောင်း သိရသည်။
“လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးသွားရတဲ့ အရပ်သား နှစ်ယောက်မှာ ကလေး က ဗုံးခိုကျင်းထဲမှာ ရှိနေရင်းတန်းလန်းကို နောက်စေ့ကိုလက်နက်ကြီးစထိမှန်ပြီး သေဆုံးသွားရတယ်။ ကလေးအမေကတော့ ခါးထိသွားတာ ညောင်လေးပင် ဆေးရုံ ကိုပို့တာ ဆေးရုံးကလက်မခံလို့ ပဲခူးဆေးရုံကိုပို့တာ လမ်းမှာသေသွားတယ်လို့ သိရတယ် ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ပျဉ်ရေကြီးရွာမှ သေဆုံးသူကလေးငယ်၏ ဖခင်ဖြစ်သူ ကိုကျော်မိုးနိုင် ၊ မမိုးမိုးဌေး၊ ကိုထူးဝေဖြိုးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီဘက်စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်တာကို စီမံချက်နဲ့ကိုပစ်နေတာ။ တစ်နေ့ကို ဘယ်လောက်ပစ်မယ်။ လက်နက်ကြီး ဘယ်နှစ်လုံးပစ်မယ် ဆိုတာမျိုးပါ။ ထိချင်တဲ့နေရာထိဆိုပြီး ရမ်းသန်းပစ်နေတာ” ဟု မုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင်လည်း စစ်ကောင်စီ ခလရ-၂၆၄ တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကျောက်တံခါး နှင့် ကျောက်ကြီးမြို့နယ်များမှ ဒေသခံ ရှစ် ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးနှင့်အထက် ထိခိုက်ခဲ့သည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
#ရွှေကျင် #လက်နက်ကြီးထိမှန် #အရပ်သား #ခလရ၂၆၄ #စစ်ကောင်စီ #Ayeyarwaddy_Times