ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်ည ၁၂ နာရီဝန်းကျင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီး အမျိုးသား ၃ ဦကိုပါ ထပ်မံပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးမှာ နောင်ပိုအောင်၊ ရေကန်မြောက်ကျေးရွာမှ ရွာသားများဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)တို့က သတ်ဖြတ်သွား ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေ(အသတ်ခံရသူများ)ကို PDF နဲ့ပတ်သက်တယ်ဆိုပြီး စစ်တပ်နဲ့ ရှမ်းနီတပ်တွေပူးပေါင်းပြီး သက်သက်ကိုယုတ်မာပြီး သတ်ဖြတ်သွားကြတာ။ စစ်တပ်နဲ့ရှမ်းနီတွေယုတ်မာတာ တွေကတော့ အရမ်းဆိုးဝါးလာတယ်။ အင်တာနက်လိုင်းတွေကလည်း မကြာခဏ ဖြတ်တောက်ခံနေရလို့ သတင်းတွေ မသိကြတာ ” ဟု နောင်ပိုအောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်နှင့် SNA တို့သည် နောင်ပိုအောင်နှင့် ကပ်လျက် ရှိသည့် လွှစင်ကုန်းကျေးရွာအနီးတွင် တပ်စွဲကာအထိုင်ချနေကြောင်း ဒေသခံများထံက သိရသည်။

ယခုအခါ စစ်ကောင်စီစစ်သင်္ဘောသည် မော်လိုက်ကိုရောက်ရှိနေသောကြောင့် တွန်းပင်ရွာ၊ မော်လိုက်ကလေးရွာ၊ မော်ကူးရွာ၊ တပ်ကုန်း၊ ယူးဝ၊ ပန်သား၊ ဝါးရုံသာ၊ ဝဲကသာ၊ လက်ပံ၊ ရွှေလင်းတ၊ မှုံကြီး၊ ကတွန်းရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရှမ်းနီ(SNA)တပ်ဖွဲ့၀င်များသည် မော်လိုက်မြို့နယ်၊ ဟုမ္မလင်းမြိုနယ်၊ နောင်ပိုအောင်ကျေးရွာစသည့်ကျေးရွာများကို စစ်ကြောင်းထိုး ၀င်ရောက်မွှေနောက်သည့်အပြင် ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် ‌ရေယာဥ်များ ကိုလည်း ဆက်ကြေးကောက်ခံမှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

#နောင်ပိုအောင်စံပြကျေးရွာ #စစ်ကောင်စီတပ်နှင့်SNA #အဓမ္မပြုကျင့်သတ်ဖြတ် #ဒေသခံ၃ဦးထပ်မံပစ်သတ် #Ayeyarwaddy_Times