
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၉ ရက်
ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းမြင့်မားနေချိန်တွင် စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက်မပိုသည့် ဈေးနှုန်းဖြင့် ရောင်းချရန်ကြီးကြပ်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းက ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီသည် ယခုတစ်ပတ် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီတစ်ပိဿာလျှင် ၄၁၅၅ ကျပ် အဖြစ် အခြေခံ လက်ကားရည်ညွှန်းဈေး သတ်မှတ်ထားသည်။
စားအုန်းဆီလက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ် အမြတ် ၂ ရာခိုင်နှုန်း ထက်မပိုသောဈေးနှုန်း၊ အဆင့်ဆင့်လက်လွှဲရောင်းချရာတွင် အသားတင် အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် စားအုန်းလက်ကျန်များကို ရောင်းချရ မည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကုမ္ပဏီတွေက လက်လီလက်ကားကုန်သည်များကို လက်ကားရည်ညွှန်း ဈေးဖြင့် ရောင်းချပေးပြီး လက်လီလက်ကားကုန်သည်များက အသားတင်အမြတ် ၂ ရာခိုင်နှုန်း လောက်သာ ပေါင်းပြီးရောင်းချပေးဖို့ဆွေးနွေးတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က ပြောကြားထားသည်။
ထို့ပြင်ဈေးကွက်အတွင်းစားသုံးဆီလွင့်ကူစွာဝယ်ယူနိုင်ရေးအပါအဝင် စားသုံးသူ ( end user) များဝယ်ယူရာတွင် ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရန် ထိန်းသိမ်း ကြပ်မတ် သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ရန်ကုန်အပါအဝင်အခြားတိုင်းနှင့် ပြည်နယ်များရှိ လက်ကား ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီလက်လီ၊ လက်ကား ကုန်သည်အရောင်းဆိုင်များဝယ်ယူနိုင်ရေးအတွက် ဈေးကွက် အတွင်းတိုက်ရိုက်ဖြန့်ဖြူး ရောင်းချမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် စားအုန်းဆီ တင်သွင်းခွင့်ရသည့်ကုမ္ပဏီများအနက် ကုမ္ပဏီ ၁၆ ခုသည် လက်ကျန်စားအုန်းဆီ တန်ချိန် ၂၇၈၃၄ ဒသမ ၄ တန် ၊ ပေပါအရေအတွက်အနေဖြင့် ၁၅၄၉၅ ပေပါ (၁,၇၀၄၅၂၆ပိဿာ) ကို ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းသည် အဆိုပါ စားအုန်းဆီ လက်ကျန်များကို လက်လီ လက်ကား ဆိုင်များနှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ ၄၄၀၀ ကျပ်ဈေးနှုန်းဖြင့်ရောင်းချပေးနေကြောင်း ယင်းအဖွဲ့ထံက သိရသည်။
စစ်ကောင်စီသည် နိုင်ငံခြားငွေလဲနှုန်းထားနှင့်ကုန်စည်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ကော်မတီများဖွဲ့စည်းထားပြီး အဆိုပါကော်မတီများတွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။
စစ်ကောင်စီ၏ နိုင်ငံခြားသုံး ငွေကြီးကြပ်ရေးကော်မတီတွင်မူ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဌအဖြစ်တာဝန်ယူထားပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ – meda
#စားသုံးဆီစျေးနှုန်းမြင့်မား #စားသုံးဆီတည်ငြိမ်ရေးအဖွဲ့ #ဖွဲစည်းကြီးကြပ် #အမြတ် ၁၀ရာခိုင်နှုန်း #ရောင်းချ #Ayeyarwaddy_Times