ဧရာဝတီတိုင်းမ်

(ထန်တလန်)၊ ဩဂုတ်လ ၂၉ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ နံနက် ၅ နာရီခန့်မှ စတင်၍ စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒဏ်ရာရရှိသူများကို မော်တော်ယာဉ်များဖြင့် ဟားခါးမြို့သို့ သယ်ဆောင်သွားကြောင်းသိရသည်။

စစ်ကောင်စီ၏ တပ်စခန်း စီနင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူလည်း များပြားကြောင်းနှင့် သေဆုံးဒဏ်ရာရရှိမှုစာရင်းအသေးစိတ်ကို မသိရသေးကြောင်း ချင်းအမျိုးသားတပ်မတော်၊ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထကနီက ဒေသခံ သတင်းဌာနတချို့တွင် ဖြေကြားချက်အရ သိရသည်။

ထန်တလန်မြို့၊ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)တို့ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းအပါအဝင် ဟားခါးမြို့ရှိ အမြောက်တပ်မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ခုနှစ် ဦးစုစုပေါင်း ၁၃ ဦးကျဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရပြီး တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ထန်တလန်မြို့၊ စစ်ကောင်စီတပ်စခန်းစီးနင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်မတော်(CNA)ပြောခွင့်ရပုဂ္ဂိုလ်ဆလိုင်းထက်နီကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပါ။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦးသေဆုံး၍ နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်ကြီး၊ လက်နက်ငယ်အချို့ ချင်းကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါစစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို ဝင်ရောက်စီးနင်းသိမ်းပိုက်ရာတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် သုံး ဦးကျဆုံးခဲ့ရပြီး ထန်တလန်မြို့နှင့် ၅ မိုင်ကွာဝေးသော ခွါဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခွါဖိုကျေးရွာရှိ ဘုရားကျောင်းအပါအဝင် လူနေအိမ်လေးလုံးပျက်စီးသွားကြောင်းဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ

#ချင်းပြည် #ထန်တလန်တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့များသေဆုံး #ဟားခါးမြို့ #သယ်ဆောင် #တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင် #Ayeyarwaddy_Times