
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ပျူစောထီးတပ်များ တပ်စွဲထားသော ကံရွာကို သြဂုတ်လ ၂၈ရက် နံနက်ပိုင်းက မင်းကင်းနယ် တော်လှန်ရေးတပ်ပေါင်းစုများမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဒေသသတင်းရင်းမြစ်များထံက သတင်းရရှိသည်။
အဆိုပါ တပ်ပေါင်းစုတွင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (Student’s Revolutionary Force – SRF)၊ တိမ်လွှာဒေါင်းမင်း ပကဖအဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်များပါဝင်ကာ တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ငါး ဦးထက်မနည်းရှိကြောင်း၊ S.R.F တပ်ဖွဲ့မှ ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (Student’s Revolutionary Force – SRF) က သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ တပ်သားများထံမှ Carbine M2 နှစ်လက်၊ ပြောင်းချော နှစ်လက်၊ 0.30 ကျည် (၁၉၃) တောင့်၊ ပြောင်းချောကျည် (၇၂) တောင့်၊ Carbine ကျဥ်ဘောက် ငါး ခု၊ ဖုန်း (၂၈) လုံးနှင့် ဆိုင်ကယ် ခုနှစ် စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပူးတွဲပါရှိသည်။
“မင်းကင်းမြို့နယ်အတွင်း ဒေသခံ တော်လှန်ရေးရဲဘော်များ စုပေါင်းထားတဲ့ ကျွန်တော်တို့ တပ်ပေါင်းစုအနေနဲ့ တိုက်ခိုက်ရေးကို ယခင်ကထက် ပိုမိုအရှိန်မြင့်တင်နေပြီဖြစ်လို့ မင်းကင်းမြို့နယ်ရှိ စကစနဲ့ ၎င်းတို့ထောက်တိုင် ပျူစောထီးရပ်ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ ၎င်းတို့နဲ့ ဝေးရာနေရာများမှာ နေထိုင်ပေးကြပါ”ဟု S.R.F တပ်မှူး ဆရာစံက ပြည်သူများထံသို့ အသိပေးအကြောင်းကြားထားသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တကြောလုံးတွင် စစ်မျက်နှာ အလွန်များကာ စစ်ပန်းနေပြီး စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်လျက်ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်များ ထံက သိရသည်။
ပုံစာ-ကာကွယ်ရေးတပ်ပေါင်းစုများမှ သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ
#မင်းကင်းမြို့နယ် #စစ်ကောင်စီတပ် #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ပွဲ #စစ်ကောင်စီတပ်ထံက #လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ #Ayeyarwaddy_Times