ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် သြဂုတ်လ သုံးပတ်တာအတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့လုံခြုံရေးတင်းကြပ်ထားသော်လည်း နေအိမ်ကျူးကျော်လုယက်မှု (၄၀)ကျော် အထိဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်ထံကသိရသည်။

သြဂုတ်လ ၆ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့အထိ နေအိမ်ကျုးကျော်အကြမ်းဖက်လုယက်မှု (၄၀)မှုအထိရှိနေကာ ညနက်ပိုင်း၌ ပြစ်မှုဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း လပွတ္တာမြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့်နီးစပ်သည့် ရဲသတင်းအရင်းအမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။

“လပွတ္တာမြို့တွင်းမှာ အခုသြဂုတ်လသုံးပတ်ဝန်းကျင်မှာပဲ အိမ်ထဲဝင်ပြီးဓားပြတိုက်တာလုယက်တဲ့ဖြစ်စဥ် ၄၀ ခုလောက်ရှိနေတယ်။ အမှုမဖွင့်ပဲနေတဲ့သူတွေလည်းရှိနေတော့ အခုထက်များရင်များနိုင်မယ်။ ညနက်ပိုင်းပိုဖြစ်များတယ်။ပြစ်မှုကျူးလွန်သူ ၅ ဦးကိုတော့ဖမ်းမိထားတယ်ပေါ့။ တချို့ပြစ်မှုကျူးလွန်သူတွေကတော့လွတ်​နေတုန်းပါပဲ” ဟု ၄င်းကပြောသည်။

လပွတ္တာမြို့အပြင် မြို့သစ်နေရာဖြစ်သည့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက် တို့၌ နေအိမ်ကျူးကျော်လုယက်မှုအများဖြစ်ပွားနေပြီးကျူးလွန်သူများကိုရဲအဖွဲ့မှပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိကြောင်းမြို့ခံများထံမှ သိရသည်။

” မြို့သစ်ရပ်ကွက်တွေမှာပိုပြီးဖြစ်နေတာ။ညနက်တွေလှည့်ကင်းပတ်တယ်ဆိုတာဟန်ပြပဲ။တခါမှကိုဖမ်းမမိဘူး” ဟု အမှတ် ၁ ရပ်ကွက်​မြို့ခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်ညနက်ပိုင်းကလည်း လပွတ္တာမြို့ (၃) မိုင်မြို့သစ်၊ အမှတ်(၃)ရပ်ကွက်ရှိစိုက်​ပျိူးနေအိမ်ခြံအတွင်းသို့ အမည်မသိအမျိုးသားသုံးဦးမှဝင်ရောက်ကာဓားထော​က်ခြိမ်းခြောက်၍ အိမ်ခန်းအတွင်းရှိခေါင်းအုံးအောက်၌သိမ်းဆည်းထားသည့် ငွေကျပ်(၄၈)သိန်းနှင့် အဝတ်အစားတို့ကိုအကြမ်းဖက်လုယက်မှုဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#လပွတ္တာမြို့ #လုယက်မှု #နေအိမ်ကျူးကျော် #စစ်ကောင်စီတပ် #Ayeyarwaddy_Times