ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊သြဂုတ်လ ၂၉ ရက်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်ရင်း နှစ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက SF-Z အမျိုးစား လေယာဥ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ ကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် (kBDF) ထံက သိရသည်။

သြဂုတ်လ ၂၈ ရက် မနက် ၁၁နာရီခန့်အချိန်က မွန် -တနင်္သာရီ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက ရေးမြို့အခြေစိုက် စကခ -၁၉၊ခလရ -၆၁ တပ်ရင်း နှစ်ရင်းကို မိုးကြိုးစစ်ဆင်ရေးအနေဖြင့် ဗုန်းကျဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ရဲ့ပစ်မှတ်ကို တည့်တည့် ဗုံးသီးချနိုင်ခဲ့ပါတယ်။ အခု ဗုံးကျဲတိုက်ခိုက် မှုက အောင်မြင်ပါတယ်။ တောင်ပိုင်းစစ်ဒေသခွဲ-၃ ရဲ့ မဟာဗျူဟာကို စစ်ရေး ရည်မှန်း ချက်လုပ်ငန်းစဥ်အဖြစ်ဖော်ဆောင်ခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်။ ကျနော်တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အနေနဲ့ နောက်ထပ်လည်း စစ်ဆင်ရေးတွေကိုတိုးမြှင့်လုပ်ဆောင်သွားဖို့ရှိတယ်”ဟု ကံပေါက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KBDF) မှပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသော်လည်း အတိအကျကိုတော့ သိရှိရခြင်းမရှိသေးကြောင်း KBDF တာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်ရင်းနှစ်ရင်းကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ မွန်ပြည် တော်လှန်ရေးတပ် MSRF၊ ရေးလေတပ် YAF၊ ရေးကာကွယ်ရေးတပ် YDF၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ( တပ်ရင်း- ၁ ) ၊ဒေါနစစ်ကြောင်း နှင့်MSRO တို့ ပူးပေါင်းပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ စစ်ဆင်ရေးကို ရာသီဥတုဆိုးရွား နေသည့်ကြားမှ ခက်ခက်ခဲခဲ ကြိုးစား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုဒဏ်ကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ SF – Z လေယာဥ်တစ်စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ရင်းနှစ်ရင်း ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၈၁-မမ ၊ ၁၂၀-မမ လက်နက်ကြီးများဖြင့် ၈ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

ဓာတ်ပုံ- ရေးလေတပ် YAF

#ရေးမြို့အခြေစိုက် #စစ်ကောင်စီတပ်ရင်း၂ရင်း #SFZအမျိုးစားလေယာဥ် #မွန်တနင်္သာရီPDF #ဗုံးကျဲတိုက်ခိုက် #Ayeyarwaddy_Times