ဧရာ၀တီတိုင်းမ်

ဩဂုတ် ၂၉ ရက်

စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ ကုန်းဈေးနှုန်းများ ကိုပါ ထိန်းချုပ်နိုင်မှုမရှိခြင်းကြောင့် စစ်ကောင်စီတပ်တွင်းရှိ အောက်ခြေတပ်မိသားစု များ၏စား၀တ်နေရေးမှာ အရပ်သားပြည်သူများထက်ပင် ပိုမိုကျပ်တည်းလာကြောင်း သိရသည်။

ကုန်ဈေးနှုန်းကြီးမြင့်လာသည့်အပြင် ရရှိသည့်အခြေခံလစာပေါ်တွင် ပြန်လည် ဖြတ်တောက်မှုများရှိ နေသည့် အတွက် တပ်တွင်းမိသားစုများအနေနှင့် စား၀တ်‌နေရေး ခက်ခဲကျပ်တည်းမှုများ တွေ့ကြုံနေရသည်ဟု သိရသည်။

“လစာရတာက နှစ်သိန်း၀န်းကျင်။ အဲဒါကို ဟိုဖြတ်ဒီဖြတ်နဲ့ ဘယ်လောက်မှမကျန်ဘူး။ တစ်လလုံးကို အတိုးနဲ့ချေးပြီး စားနေရတာ။ မ၀ယ်မနေရ ပစ္စည်း တွေလည်း ဝယ်ရတယ်။ ပိုပြီးကျပ်တည်းလာတယ်”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်တွင်းသတင်းရင်း မြစ်တဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အောက်ခြေစစ်သည်များ ရရှိသည့်အခြေခံလစာ နှစ်သိန်း ၀န်းကျင်အပေါ်တွင် မထည့်မနေရ ထည့်ရသည့် အသက်အာမခံကြေး၊ ဘဏ်စုငွေ၊ သာရေး၊ နာရေး၊ မီတာခအပြင် ယခင်အစိုးရမှ ချေးပေးထားသည့် နှစ်လစာပြန်ဆပ်ငွေ၊ စစ်ကောင်စီမှ ပြုလုပ်သည့်ပွဲများတွင် ၀တ်ဆင်ရသည့် ၀တ်စုံကြေးများပါ ဖြတ်တောက်သည့်အတွက် လစာငွေမကျန်ရှိတော့ဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရ‌ကြောင်း သိရသည်။

ရှေ့တန်းထွက် ရဲဘော်များ၏ မိသားစု၀င်မျာနှင့် အခြားအောက်ခြေအဆင့် စစ်သည် မိသားစု၀င်များအနေဖြင့် ၂၀ တိုးဖြင့် ချေးငွေရယူခြင်း၊ အကြွေးဖြင့်သက် သာဆန်ထုတ်ယူခြင်း၊ လစာထုတ်လျှင် ပြန်ဆပ်မည်ဟုဆိုကာ ရိက္ခာခြောက်နှင့် အသားငါးများ ထုတ်ယူပြီး စား၀တ်နေရေးကို ဖြေရှင်းနေရသည်ဟု တပ်တွင်း မိသားစု၀င်တစ်ဦးက ဆိုသည်။

ထို့ပြင် စားနပ်ရိက္ခာနှင့်ပတ်သက်၍ တပ်တွင်းရှိ အောက်ခြေစစ်သည်နှင့် အရာခံ စစ်သည်တို့ကြား ခွဲခြားဆက်ဆံခံရသည့်အတွက် အောက်ခြေစစ်သည်များမှာ ပိုမို ခက်ခဲကျပ်တည်းနေကြောင်း သိရသည်။

“အရာရှိတွေဆို တစ်ပတ်တစ်ခါ အမဲသား၊ ငါး ရိက္ခာကိုယ်တာ ရတဲ့အပြင် လစဉ် ရိက္ခာခြောက်တွေကို အခမဲ့ထုတ်‌ယူခွင့်ရတယ်။ ကျွန်မတို့ဆိုရင် လစာထဲကပြန် အဖြတ်ခံပြီးမှ ထုတ်လို့ရတာ။ သူများတွေအလကားရတာကို ကျွန်မတို့အောက်ခြေ အဆင့် တွေက ပေး၀ယ်စားရတာ”ဟု တပ်တွင်း မိသားစုဝင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပုံစာ- တပ်တွင်းသက်သာစားသောက်ကုန်ရောင်းချနေမှုမြင်ကွင်း (ပုံဟောင်း)

#စစ်ကောင်စီ #တပ်တွင်းမိသားစု #ကုန်ဈေးနှုန်းမြင့်တက် #စားဝတ်နေရေးကျပ်တည်း #Ayeyarwaddy_Times