
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၉ ရက်
လက်ရှိ ၂၀၂၃ ခုနှစ် ဧပြီလမှစ၍ ဇူလိုင်လကုန်အထိ လေးလတာအတွင်း စစ်ကောင်စီတပ်မှ အရာရှိစစ်သည်ပေါင်း ၅၀၀ ကျော်မှာ စစ်တပ်ကိုစွန့်ခွာ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန – MOD ထံမှ သိရသည်။
စစ်ကောင်စီတပ်၌ အမိန့်ပေးမှုစနစ်၊ ကွပ်ကဲမှုစနစ် ပျက်ယွင်းလာသည့်အတွက် လေးလအတွင်း စစ်ကောင်စီတပ်၏ ဒေအသီးသီးမှ အရာရှိစစ်သည်ပေါင်း ၅၀၀ ကျော် CDM ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း MOD ဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုသည်။
“စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ သူတို့ရဲ့အထဲမှာ အမိန့်ပေးစနစ်၊ ကွပ်ကဲမှုစနစ် ပျက်ယွင်းလာတာနဲ့အမျှ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ အရာရှိစစ်သည်၊ အကြပ်စစ်သည်တွေက အမြောက်အမြားဆက်ပြီး ခိုလှုံဝင်ရောက် လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၄ လပိုင်းကနေ ၇ လပိုင်းအထိဆိုရင် အရာရှိစစ်သည်စုစုပေါင်း ၅၀၀ ကျော် လောက်အထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့ကြပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ထဲမှ ဖရဲသီး (စစ်ကောင်စီ၏သတင်းများ စုဆောင်းပေးနေသူ) အရေအတွက်မှာလည်း ယခင်ကထက် ပိုမိုများပြားလာနေပြီး ၎င်းတို့အသီးသီးအား NUG အစိုးရမှ တာဝန်အသီးသီးပေးအပ်ထားကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။
“ပြည်သူ့ရင်ခွင်ကို ခိုလှုံခြင်းမရှိသော်လည်း ပြည်တွင်းမှာ ဖရဲသီးအဖြစ် တာဝန်ထမ်းဆောင်သူ အမြောက်အမြား တိုးပွားလာနေပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ပေးထားတဲ့ ဖရဲသီးတွေဟာ တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အမိန့်ပေးစနစ် ယိုလွင်းလာတာနဲ့အမျှ ပြည်သူ့အောင်ပွဲ ပိုမိုနီးစပ်လာတယ်ဆိုတာကို ပြသနေပါတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအစရှိသည့် ဒေသ အများအပြား၌ NUG ၏ PDF တပ်များ၊ ဒေသခံ PDF တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ခုခံတိုက်ခိုက်မှုကို အပြင်းအထန် ကြုံတွေ့နေရပြီး ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့်အထိ ထိခိုက် သေဆုံးမှုအများအပြား ကြုံတွေ့နေကြောင်း သိရသည်။
ထို့ပြင် စစ်ဆင်ရေးများ၊ တိုက်ပွဲများကို ကောင်းမွန်စွာ ကွပ်ကဲနိုင်မှုမရှိဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကစထမှူးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် ခင်လှိုင်၊ စစ်တိုင်းမှူးများဖြစ်သည့် ဗိုလ်ချုပ် မြတ်သက်ဦး၊ ဗိုလ်ချုပ် ကိုကိုမောင်၊ ဗိုလ်ချုပ် ဖြိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ကို စစ်ဘက်ရာထူးများမှ ဖြုတ်ပစ်ခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီတပ်သားများအလင်းဝင်သည့်ပုံ