ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ ဩဂုတ် ၂၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ ဆက်သွယ်ရေးရုံးအနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့အကြား ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ယမန်နေ့က ထုတ်ပြန်သည်။

ထို့အပြင် မင်းတပ်မြို့၊ ဝမ္မသူးမောင်းပန်းခြုံအနီးတွင် ဩဂုတ် ၂၆ ရက်နေ့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၍ ခုနှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိတာမရှိပါဘူး။ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို လက်ရှိ ဆေးရုံမှာလည်း အရေးပေါ်ကုသနေတယ်လို့ သိရတယ်”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ ဝာာဝန်ခံအမျိုးသားက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မြို့တွင်းရှိ စစ်ကောင်စီ၏ လုံခြုံရေးစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ‌ဒေသခံ ခြောက်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က အရပ်သားများအပေါ် အကြောင်းမဲ့ဖမ်းဆီးခံရမှုပိုမိုများပြားလာပြီး ပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် အလေးအနက်တိုက်တွန်းလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါကတော့ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်ပဲဆိုပါတော့။ ခဏခဏကြုံနေရတော့ သိပ်တောင် မထူးဆန်းတော့ဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့က မြို့ထဲမှာ စစ်ဆင်ရေးတွေ နည်းနည်းလုပ်တာနဲ့ ရွာကို မီးရှို့တယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်။ အရပ်ဖက်လမ်းသွား၊ လမ်းလာသူတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီးတော့မှ တော်လှန်ရေးအဖွဲ့တွေကို လွှဲချတယ်။ ဒါတွေခဏခဏကြုံနေရတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့ကတော့ စစ်ဆင်ရေးပဲ ဖော်ဖော် တိုက်ပွဲဖြစ်တာနဲ့ တပြိုင်နက် ပြည်သူလူထုအနေနဲ့ လမ်းသွားလမ်းလာတာတွေ သတိထားကြဖို့ အထူးသဖြင့် လူငယ်တွေကို အမြဲဆော်ဩတာတွေရှိတယ်”ဟု သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ တာဝန်ခံက ပြောဆိုသည်။

ကျောက်ထုမြို့တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး မင်းတပ်-ထီးလင်းနယ်စပ်၊ ရွှေအောင်သာဘက်မှာလည်း တပ်ချိန်းရန် ရှိကြောင်းသတင်းများထွက်ပေါ်နေသည်။

အဆိုပါတပ်ချိန်းရာတွင် ကြားဖြတ်တိုက်ခိုက်ခံရမည့် အန္တရာယ်ကြောင့် မင်းတပ်မြို့နှင့် ကျောက်ထုမြို့ဘက်တို့တွင် အယောင်ပြစစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ကြသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တပ်ဖွဲ့ဝင်များ(ပုံအဟောင်း)

#မင်းတပ်မြို့ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး #ဒေသခံပြည်သူခြောက်ဦးကိုအကြောင်းမဲ့ဖမ်းဆီး #Ayeyarwaddy_Times