နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၈ ရက်

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ ဖျက်ဆီးခဲ့သော နမ့်တောင်းနှင့် ပန်ကြုံအကြားရှိ အဓိလမ်းမကြီးအား ထပ်မံဖျက်ဆီးရန် ထိုးစစ်ဆင်လာသဖြင့် အဆိုပါလမ်းမကြီးကို ပြုပြင်ကာ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ(၉၉)၊ ခမရ (၄၂၀)တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့သည် ယမန်နေ့ ဩဂုတ်လ ၂၇ ရက်၊ နေ့လယ် ၁ နာရီ၃၀ မိနစ်ခန့်က နမ့်တောင်းနှင့် ပန်ကြုံအကြားရှိ လမ်းမကြီးအား ထပ်မံဖျက်ဆီးရန် (၁၀၅)မိုင်မှ ဘော်ဒိုဇာတစ်စီးဖြင့် ထိုးစစ်ဆင်လာသောကြောင့် TNLA တပ်မဟာ(၁)၊ တပ်ရင်း-၅၇၁ နှင့် နမ့်တောင်းရွာနှင့် ဖာဖိန့်ရွာအကြားတွင် ထိပ်တိုက်တွေ့ကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း TNLA ထံက သိရသည်။

“စစ်ကောင်စီက မြေကော်စက်နဲ့ လမ်းကို ဖြတ်တောက်ထားလို့ ကျွန်တော်တို့အဖွဲ့က သွားပြီးပြုပြင်ခဲ့တယ်။ အဲ့ဒါကို သူတို့က ထိုးစစ်ဆင် တက်လာလို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ ရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒီနေ့(ဩဂုတ်၂၈ရက်)ကတော့ တိုက်ပွဲထိတွေ့မှု မရှိသေးဘူး၊ သတင်းတက်လာတာ မရှိသေးဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ငါး ဦး သေဆုံးပြီး ခုနစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရှိရ သော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီနှင့် မြို့မပြည်သူ့စစ်တပ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က ပြည်သူများ အသုံးပြုနေသော နမ့်တောင်းနှင့် ပန်ကြုံအကြားရှိ အဓိကလမ်းမကြီးအား မြေကော်စက်ဖြင့်ဖျက်ဆီးခဲ့သဖြင့် TNLA က သြဂုတ်လ ၂၃ ရက်တွင် ပြန်လည် မြေဖို့ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၂၆ ရက်၊ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကလည်း ကွတ်ခိုင်မြို့မှ သိန္နီသို့ စစ်ကား (၂၄)စီးဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်မဟာ(၅)၊ တပ်ရင်း- ၃၃၅ တို့ မန့်ပိန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တို့အကြား ယခုသြဂုတ်လအတွင်း စုစုပေါင်းတိုက်ပွဲ (၁၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ဓာတ်ပုံ – TNLA

#မူဆယ် #စစ်ကောင်စီတပ် #နမ့်တောင်းနှင့်ပန်ကြုံ #အဓိကလမ်းမကြီး #ထပ်မံဖျက်ဆီး #TNLA #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times