
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၈ ရက်
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်၊ မအူပင်ကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် နမ့်ဆန်ယန် စစ်မျက်နှာသို့ စစ်ရိက္ခာများ ပို့ဆောင်ပေးမည့် စစ်ကောင်စီတပ် ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းအား KIA ၊ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ရိက္ခာများ တင်လာသော စစ်သင်္ဘောသည် ဗန်မော်ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီးနောက် အဆိုပါ စစ်ရိက္ခာပစ္စည်းများကို ဗန်းမော်နှင့် ဗန်းမော်မြို့သစ်ကြား တွင်ရှိသည့် နမ့်ဆန်ယန်သို့ စစ်ကားများဖြင့် ထပ်မံပို့ဆောင်မည်ဖြစ်သည်။
နမ့်ဆန်ယန်သို့ စစ်ကောင်စီရိက္ခာကားများ ဖြတ်သန်း သွားနိုင်ရန် ရှေ့ပြေး စစ်ကြောင်းဖြစ်သည့် စစ်ကား လေးစီးနှင့် စစ်ကောင်စီ တပ်သားအင်အား ၈၀ ကျော်ပါဝင်သည့် ရှေ့ပြေးလုံခြုံရေးလမ်းကြောင်းကို မအူပင်ကျေးရွာအနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ အဲဒီထဲက စစ်ကားတွေထဲက တစ်စီးက မအူပင်ရွာနားမှာရပ်ထားပြီးတော့ လူချနေတဲ့ အချိန်၊ လူစုစုနဲ့အမိန့်ပေးနေတဲ့အချိန်မှာ ပစ်ခတ်လိုက်တာ။ သူတို့ (စစ်ကောင်စီတပ်)က စစ်ကားတွေနဲ့ တက်လာပြီးရင် ရွာတွေမှာကင်းလှည့်ချတယ်။ ရွာနားမှာလုံခြုံရေး အတွက် လူချနေချိန် လူစုစုနဲ့ အမိန့်ပေးနေတဲ့အချိန်မှာပစ်ခတ်လိုက်တာ၊ ထိခိုက် ဒဏ်ရာရမှုက လူအုပ်ကြားထဲကို ၄၀-မမ နဲ့ပစ်တာဆိုတော့ ထိခိုက်ဒဏ်ရာရမှု ကတော့ရှိတယ်” KPDF အဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ရိက္ခာများ တင်လာသော အဆိုပါစစ်သင်္ဘောသည် ဗန်မော်ဆိပ်ကမ်းတွင်ဆိုက်ကပ်ပြီး နောက် ဧရာဝတီမြစ်ကြောင်း အတိုင်းပြန်လည်စုန်ဆင်းရာတွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဗန်းမော်မြို့ အရှေ့ဘက်ကမ်းရှိ ကျွန်းကြီးရွာမှ ကလေးငယ် သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း KPDF အဖွဲ့ဝင်ထံက သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ KIA အခြေစိုက်စခန်းရှိရာ လိုင်ဇာအနီး နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ ယခုချိန်ထိ မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စစ်ရိက္ခာပစ္စည်းများတင်လာသော စစ်သင်္ဘော ဗန်းမော်ဆိပ်ကမ်းတွင်ဆိုက်ကပ်နေစဉ်
#နမ့်ဆန်ယန် #စစ်ကောင်စီတပ်ရှေ့ပြေးစစ်ကြောင်း #တိုက်ခိုက်ခံရ #KIA #စစ်ကောင်စီ #Ayeyarwaddy_Times