
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဩဂုတ်လ ၂၈ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်များသို့ ဩဂုတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် စစ်ကောင်စီလက်အောက်ခံ ပိန်းဇလုပ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၆၄တပ်ရင်း) မှ ၁၂၀ မမများဖြင့် ပစ်ခတ်ခဲ့ သည့်အတွက် ဒေသခံ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအတွင်းသို့ ပိန်းဇလုပ်အခြေစိုက် ခလရ -၂၆၄ တပ်ရင်းမှ ၁၂၀ မမ လေးလုံးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ မစန်းစန်း(အသက် ၅၂ နှစ်)၊ မမေမြနိုးဝေ(အသက် ၄နှစ်)၊ ဒေါပြုံးပြုံရီ(အသက် ၄၅နှစ်)၊ မစန်းဌေး (အသက် ၆၆နှစ်) တို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“လက်ရှိအခြေအနေကတော့ စစ်ကောင်စီကရပ်ရွာလူထုတွေနေတဲ့ဆီကို ပစ်ထည့်တာ ပေါ့နော်။ အဓိကကတော့ပြည်သူလူထုကို ဒေသခံကာကွယ်ရေးတပ်တွေနဲ့တူတူရှိရင် ဒုက္ခရောက်မယ်ဆိုတဲ့ သဘောနဲ့ ပစ်မှတ်ထားခြိမ်းခြောက်တာမျိုးပေါ့။ စစ်တပ်က ယခင်က တည်းကနေ လူထုကိုပစ်မှတ်ထားတိုက်ခိုက်တယ်။ လူသားဒိုင်းလုပ်တာတွေက ရှိနေပီးသားပါ” ဟု အမှတ်(၂)စစ်ဒေသ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်မ်း ကိုပြောသည်။
ထို့ပြင် ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်း ခလရ ၂၆၄ တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကျောက်ကြီးမြို့နယ်၊ ကြိုးကြီးကျေးရွာရှိ မခင်များဝင် (အသက်၄၀နှစ်)၊ ကိုကျော်သူအောင်(အသက် ၂၅ နှစ်)၊ ကိုထွန်းပြည့်ကျော် (အသက် ၂၅ နှစ်)နှင့် စောဟဲပီးဝါး တို့ လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ၏ ခလရ-၂၆၄ တပ်ရင်းမှပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ၈ ဦးအပြင် ကညင်ကျိုးနှင့် ကြိုးကြီး ကျေးရွာရှိ နေအိမ် ၁၀ လုံးနှင့်အထက် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အတွက် မီးဖွားခါနီးကိုယ်ဝန်ဆောင်ဇနီးသည်ကို လူနာစောင့်နေသည့် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရသည်။
ဓာတ်ပုံ – ပေးပို့(ကျောက်တံခါးတွင်လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိခိုက်ခဲ့ပုံများ)
#ကျောက်တံခါး #ကျောက်ကြီး #ညောင်လေးပင်ခရိုင် #ခလရ၂၆၄ #လက်နက်ကြီးပစ်ခတ် #ဒေသခံ #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times