ဧရာ၀တီတိုင်းမ်

ဩဂုတ်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ လှတောနယ်မြေရဲစခန်းကို ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ပုဂံပြည်ဘီလူးတပ်အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ ရဲများတပ်စွဲထားသည့် လှတောနယ်‌မြေရဲစခန်းကို ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ ခုနစ် ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်ဖွဲ့ထံက သိရသည်။

“စခန်းထဲကရော စခန်းဘေးကနေပါ စက်လက်တွေနဲ့ ပြန်ပစ်တာ။ စခန်းထဲကို မ၀င်နိုင်ခဲ့ဘူး။ တိုက်ချိန်လည်းကြာလာတော့ စစ်ကူတွေရောက်မလာခင် ကြား မညှပ်သွားအောင် ပြန်ဆုတ်ခဲ့ရတယ်”ဟု ပုဂံပြည်ဘီလူးတပ် (Bagan Orge Force)တာ၀န်ခံ ကိုဇီးကွက်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ လှတောရဲစခန်းသည် စစ်ကောင်စီတပ်သားများနှင့် ရဲ ပူးပေါင်း အင်အား ၅၀ ကျော်တပ်စွဲထားသည့် စခန်းဖြစ်ပြီး မိနစ် ၃၀ ကျော်ကြာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ‌‌ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနိုင်ပြီး ဒေသတွင်းစစ်ကြောင်းထိုးနေသည့် စစ်‌ကောင်စီတပ်ဖွဲ့များပါ ရောက်ရှိလာသည့် အတွက် စခန်းကိုမူ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိကြောင်း ကိုဇီးကွက်က ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Yan Gyi Aung-PDF၊ နယ်စည်းမခြားဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း (၁)၊ Bagan Orge Force-ပုဂံပြည်ဘီလူးတပ်၊ အဖြူရောင်ဒီပဲယင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ)၊ ညောင်ဦးခရိုင်တပ်ရင်း(၅)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂ နှင့် မဲကုန်းတိုက်နယ် (ပကဖ)တို့မှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ပုဂံပြည်ဘီလူးတပ်

#၀က်လက် #လှတောရဲစခန်း #PDFတိုက်ခိုက် #ပုဂံပြည်ဘီလူးတပ် #Ayeyarwaddy_Times