ဧရာဝတီတိုင်းမ်
ကလေး ၊ သြဂုတ်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် (ပျူစောထီး) များက PDF အယောင်ဆောင်ကာ မြို့ခံပြည်သူများအား ငွေညှစ်ဓားပြတိုက်မှုများ ပိုမိုကျူးလွန်လာကြသည့်အတွက် ပြည်သူများအနေဖြင့် ထိတ်လန့်နေရကြောင်း သိရသည်။

ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးကို PDF က သိန်း ၁၀၀ ပေး၍ သတ်ခိုင်းသည်ဟုဆိုကာ လက်ပစ်ဗုံးတစ်လုံးဖြင့် ခြိမ်းခြောက်ငွေညှစ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ တောင်အူရွာ ပျူစောထီးခေါင်းဆောင်ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်အလားတူ ဖြစ်ရပ်များ ကလေးမြို့တွင်း၌ ပိုမိုဖြစ်ပွားလာပြီး ဖြစ်ပွားသည့်နေရာများသည် စစ်ကောင်စီကျင်လည်ရာ လုံခြုံရေးထူထပ်စွာချမှတ်ထားသော နေရာများဖြစ်ကြောင်း ကလေးမြို့ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အခုဒကစမှူးအောင်နိုင်ဦး ရောက်လာကတည်းက ကလေးမြို့ထဲမှာ PDF ပါဆိုပြီး ဓားပြတိုက်လုယက်မှုတွေပိုဖြစ်လာတာပဲ။ ချမ်းသာတဲ့အိမ်တွေကို စီးနင်းဝင်ရောက်ပြီး ငွေတွေ၊ တန်ဖိုးကြီးပစ္စည်းတွေ လုတယ်။ ပြီးတော့ ပါးစပ်ကလည်း ငါတို့က PDF တွေ၊ တောထဲမှာ ငတ်နေပြီ။ ဆန်ဘယ်နှစ်တင်းပေး၊ ဘယ်နှစ်ပြည်ပေးဆိုပြီး ပြောသွားကြသေးတာ။ ဖြစ်စဥ်တိုင်း ပါးစပ်က အဲ့လိုပြောပြောပြီး ယူယူသွားတာဗျ။” ဟု ၎င်းက ပြောသည်။

ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကလေး ပေးထားသော SURG အနက်ရောင်ကားတစ်စီးဖြင့် တောင်အူ၊ ပြင်သာ ရပ်ကွက်ရှိ ပျူစောထီးများသည် ကလေးမြို့တောင်ပိုင်း နတ်ချောင်းလမ်းပေါ်ရှိ ရပ်ကွက်များသို့ ဝင်ရောက်စီးနင်း၍ စတိုးဆိုင်ကြီးများ၊ အရက်ဘီယာဆိုင်ကြီးများသို့ နေ့စဥ်နှင့်အမျှ ငွေကောက်ခံလျက်ရှိနေသောကြောင့် ကလေးမြို့တွင်းမှ ထွက်ပြေးတိမ်းရှောင် နေကြသူများလည်း ရှိကြောင်း ကလေးဒေသခံ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“PDF က ဓားပြတိုက်တယ်ပဲထားပါတော့၊ ပါးစပ်ကနေ ကျွန်တော်တို့က PDF တွေပါလို့ ပြောပြီး တိုက်ပါ့မလား။ ပြီးတော့ စစ်ကောင်စီ တပ်တွေ လုံခြုံရေးအပြည့်ချထားတဲ့ အောင်သစ္စာလိုရပ်ကွက်မျိုးတွေထဲထိ ပေါ်ပေါ်ထင်ထင်ဝင်မလား။ လက်တွေ့ကျကျ စဥ်းစားလို့ရပါတယ်။ စစ်ကောင်စီဟာ PDF ကို ပြည်သူလူထုကအထင်မြင်လွဲမှားအောင် နည်းမျိုးစုံနဲ့ကြိုးစားလုပ်ကိုင်နေတာဖြစ်တယ်။ တနည်းအားဖြင့် စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတာပါ။ ပြည်သူတွေအနေနဲ့ သတိထားပြီး ဂရုတစိုက်နေပေးကြပါ။ ကျွန်တော်တို့ဖက်ကလည်း အလုပ်တွေကြိုးစားလုပ်နေပါတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကိုလည်း သြဂုတ်လ ၁၅ ရက်နေ့မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီက မီးရှို့ဖျက်ဆီးကာ ကလေးတောင်ပိုင်းကို အပြင်းအထန် ထိုးစစ်ဆင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

ပုံစာ – စစ်ကောင်စီတပ်များ ကလေးမြို့ထဲ ကင်းလှည့်နေစဉ် (ပုံဟောင်း)

#ကလေးမြို့ #စစ်ကောင်စီက #PDF
အယောင်ဆောင်၍ #ဓားပြတိုက် #ငွေညှစ် #ပိုမိုလုပ်ကိုင်လာ #မြို့ခံပြည်သူများ #ထိတ်လန့်နေ #Ayeyarwaddy_Times