
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
စစ်ကောင်စီက ရောင်းချရန် သတ်မှတ်ပေးထားသည့် စားအုန်းဆီလက်ကားရည်ညွှန်း ဈေးမြင့်တက်လာပြီး ပြင်ပပေါက်ဈေးတွင် စားအုန်းဆီတစ်ပိဿာလျင် ၁၂၀၀၀ ကျပ် အထိ ရှိလာပြီးဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
စစ်ကောင်စီသည် ယခုတစ်ပတ် ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်နေ့ထိရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၁၅၅ ကျပ်သတ်မှတ်ထား၍ ပြီးခဲ့သည့် တစ်ပတ်ရည်ညွှန်းစျေးမှာ တစ်ပိဿာ ၄၀၆၅ ကျပ်ဖြစ်သောကြောင့် ရည်ညွှန်ဈေး အနည်းငယ်မြင့်တက်လာသည်။
လက်ရှိလက်လီဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာပြီး ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၇၀၀၀ ခန့်ရှိကြောင်း ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးထံက သိရသည်။
“အခုဆီဈေးတွေတက်တော့ ဆီနဲ့ ကြော်ရ လှော်ရတာတွေ မရောင်းနိုင်တော့ဘူး။ အရင်ကဆို အကြော်စုံနဲ့ ကြာဇံ၊ ဒုတ်ထိုးရောင်းတယ်။ အခုဆီဈေးတက်တော့ မရင်းနိုင်တော့ဘူး။ ပြုတ်လိုက်ရုံနဲ့ ရတဲ့အမဲသားဒုတ်ထိုးတစ်မျိုးပဲ ရောင်းတော့တယ်။ ကြော်ရင် ဆီနှစ်ဆယ်သား လောက်ကုန်တော့လည်းမကိုက်ဘူး” ဟု အကြော်စုံနှင့် ကော်ဖီရောင်းသော လမ်းဘေးဈေးသည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ သုံးရက်အတွင်း စားအုန်းဆီပိဿာ တစ်သန်းကျော် (၁,၇၀၄,၅၂၆) ကို စစ်ကောင်စီ၏ လက်ကား ရည်ညွှန်းဈေးအတိုင်းရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ ၄၄၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံက သိရသည်။
“ဈေးကွက်ထဲတွင်းစာအုန်းဆီဈေးနှုန်းကလွန်ကဲစွာဈေးမြင့်တက်လျက်ရှိနေလို့ အခြား သော လက်လီ၊လက်ကားကုန်သည်တွေကလည်း အဆင့်ဆင့်အမြတ်အများကြီး မယူဘဲ ရောင်းချပေးရန်လိုပါတယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းက ပြောကြားသည်။
ယင်းအပြင် စားအုန်းဆီတင်သွင်းရာတွင် ပြင်ပေါက်ဈေးဒေါ်လာတန်ဖိုးဖြင့် တင်သွင်း ရခြင်းမဟုတ်ဘဲ ဗဟိုဘဏ်သတ်မှတ်ချက် တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ၅၀ ရာခိုင်နှုန်း ရရှိခြင်း ကျန် ၅၀ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်ဖြင့်ဝယ်ယူရခြင်းဖြစ်၍ စားအုန်းဆီ တင်သွင်းသောကုမ္ပဏီများက ရည်ညွှန်းဈေးအတိုင်း တိုက်ရိုက်ရောင်းချရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးခန့်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများပြား၍ ခေတ်အဆက် ဆက်တွင် ပြည်တွင်းစားသုံးဆီလုံလောက်မှုရှိရန် ထိရောက်စွာဆောင်ရွက်ခဲ့မှု မရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ဆားအုန်းဆီစျေး လွန်စွာ မြင့်တက်နေသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ပြည်ပမှစားအုန်းဆီတင်သွင်းနေရမှုများကို လျော့ချ၍ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း စားသုံးဆီဖူလုံပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည့် Exporter အဆင့်ရောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စားအုန်းဆီဈေး #တစ်ပိဿာ၁၂၀၀၀ #စစ်ကောင်စီရည်ညွှန်းစျေး #ဆီလုပ်ငန်းရှင်များအသင်း #ရောင်းချ #Ayeyarwaddy_Times