ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အတည်ပြု ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အဆိုပါကျွန်းကို ဝိုင်းပတ်ကာ တိုက်ခိုက်သိမ်း ပိုက်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မကြေညာဘဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်စစ်တပ်မှ တိုက်လေယာဉ် ၃၂ စင်း၊ စစ်သင်္ဘော ၉ စင်းကို သောကြာနေ့မနက်ပိုင်းမှ စနေနေ့မ နက်ပိုင်းအထိ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

TB-001 နဲ့ BZK-005 ကင်းထောက်ဒရုန်းတွေ၊ Su-30 ဂျက်တိုက်လေယာဉ်တွေ၊ J-10 ဂျက်တိုက်လေ ယာဉ်တွေ၊ CH-4 ကင်းထောက်ဒရုန်း၊ JH-7 ဗုံးကြဲလေယာဉ်တွေ၊ Y-8 ရေငုပ်သင်္ဘောဖျက်တိုက်လေယာဉ်၊ KJ-500 ကြိုတင်အချက်ပေးလေယာဉ်နဲ့ Y-9 ကွပ်ကဲရေးလေယာဉ်တစ်စင်းဟာ ထိုင်ဝမ် လေကြောင်းရန်ကာကွယ် ရေးဇုန်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေဖော်ပြထားတဲ့ မြေပုံတစ်ခုအရ တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ် ကျွန်းကို ဝိုင်းပတ်ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

တရုတ်စစ်တပ်ရဲ့ H-6J ဗုံးကြဲလေယာဉ်တွေဟာ မီယာကိုရေလက်ကြားတစ်လျောက် ပျံသန်းကာ ထိုင် ဝမ်ကျွန်းအရှေ့ဘက် အနောက်ပစိဖိတ်ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် တရုတ်စစ်တပ် အရှေ့ပိုင်းစစ်ဌာနချုပ်က မည်သည့်ကြေ ညာချက်မျှ မထုတ်ပြန်ခဲ့ပေမယ့် အခုလို ပမာဏကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ၊ ရှုပ်ထွေးတဲ့ လေ့ကျင့်မှုတွေ ပိုမိုပါဝင်နေတယ်လို့ အမည်မဖော်လိုတဲ့ တရုတ်ပြည်မကြီးမှ စစ်ရေး ကျွမ်းကျင်သူတစ်ဉီးက ပြောပါတယ်။

ထိုင်ဝမ် ဒုတိယသမ္မတ လိုင်ချင်တေးရဲ့ ပါရာဂွေးနိုင်ငံမှအပြန် အမေရိကန်နိုင်ငံမှာ ခရီးတစ်ထောက်နား တာကို လက်တုံ့ပြန်တဲ့ တန်ပြန်အစီအမံတစ်ခုအဖြစ် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ အခုလိုစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ခြေရာခံစနစ်တွေ အပါအဝင် စစ်လက်နက်တွေရောင်းချဖို့ အတည်ပြုပြီးနောက် တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ ကျင့်မှု ဖြစ်လာခဲ့တာပါ။

အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ဖို့၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု စောင့်ထိန်းဖို့ တရုတ်စစ်တပ်ကို အမြဲ တပ်လှုန့်ထားတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ကျောင်ကျားဂန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – People’s Daily
Ref; PLA holds encirclement drills around Taiwan island following US arms sale approval

#Ayeyarwaddy_Times