နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီက မြန်မာပြည်အခြေစိုက် တီမောလက်စတေးသံရုံး ယာယီ တာဝန်ခံကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သည် ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံမှ နှင်ထုတ်မှုသည် ဥပဒေမဲ့ပြုကျင့်မှုဖြစ်ပြီး အခြားနိုင်ငံများအနေဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ချိန် တန်ပြီဖြစ် ကြောင်း NUG က ထုတ်ပြန်သည်။

စစ်ကောင်စီသည် တီမောလက်စတေးနိုင်ငံတော်နှင့် ပြည်သူများအား ကိုယ်စားပြုလျက် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ တာဝန်များထမ်းဆောင်နေသည့် သံရုံးယာယီတာဝန်ခံ အား လာမည့် စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ အပြီးထွက်ခွာသွားရန် ဖိအားပေးခဲ့သည်။

နိုင်ငံတော်၏ အာဏာကို ဥပဒေဘောင်ပြင်ပမှ လက်နက်အားကိုးဖြင့် အဓမ္မရယူထား သော တရားမဝင်အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် ဆုံးဖြတ်ဆောင်ရွက်ခွင့် ရှိမည်မဟုတ်ကြောင်း NUG က ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“တီမောလက်စတေးနိုင်ငံလိုပဲ အခြားသော နိုင်ငံတွေအနေနဲ့လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ချိန် တန်ပြီလို့ပဲ ပြောချင်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ကတော့ တီမောလက်စတေးနိုင်ငံ အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူလူထုရဲ့ ဒီလိုမျိုး မြန်မာ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်မှုကို အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပြီးတော့ နှလုံးသားထဲမှာလည်း အနက်ရှိုင်းဆုံး အမြဲတမ်း မှတ်ကျောက် တင်ထားမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံတော်၏ နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် ဆုံးဖြတ် ဆောင်ရွက်နိုင်သော အခွင့်အာဏာသည် မြန်မာပြည်သူလူထုနှင့် ၎င်းတို့မှ ရွေးကောက် တင်မြှောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိပြီး မြန်မာနိုင်ငံရှိ တီမောလက်စ တေးသံရုံးမှ သံရုံးယာယီတာဝန်ခံအား ယခုကဲ့သို့ မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းမှာ တရား မဝင် အကြမ်းဖက်စစ်ကောင်စီ၏ ပြုမူနေကျဖြစ်သော မလျော်ကန်သည့် ဥပဒေမဲ့ ပြုကျင့်မှု သာဖြစ်ကြောင်း NUG က ဆိုသည်။

“နောင်အနာဂတ် တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့ အချိန်ကာလကျရင်လည်း တီမောလက်စတေးနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ကိုယ့်နိုင်ငံ တစ်နိုင်ငံတည်းရဲ့ အကျိုးစီးပွါးကိစ္စ တစ်ခုတည်းတင် မဟုတ်ဘဲနဲ့ ဒေသတွင်းမှာရော၊ နောက်ပြီးတော့ တစ်ကမ္ဘာလုံးမှာပါ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေ အပြည့်အဝရရှိဖို့ အာဏာရှင်စနစ်တွေ ဘယ်သောအခါမှ ခေါင်းထောင်ထမလာဖို့ စတဲ့ရည်မှန်းချက်တွေနဲ့ အတူတကွ လက်တွဲပြီးတော့ ကြိုးစားဆောင်ရွက်သွားနိုင်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဒီမိုကရေစီ အခြေခံမူဝါဒများနှင့် စံနှုန်းများ၊ တရားဥပဒေစိုးမိုးမှုနှင့် လူသား ဂုဏ်သိက္ခာတို့ကို တန်ဖိုးထားသည့် တီမောလက်စတေးနိုင်ငံ၏ ရပ်တည်ချက်အား အထူးလေးစား ကျေးဇူးတင်ရှိပါကြောင်းနှင့် ၄င်းရပ်တည်ချက်သည် အများစံနမူနာ ထားသင့်သည့် ရပ်တည်ချက်ဖြစ်‌ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် တီမောလက်စတေးနိုင်ငံ၏ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံသည့် ရပ်တည်ချက်သည် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူလူထု၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ပြီး ကျေးဇူးတင်ကဗ္ဗည်း မြဲမြံစွာ မှတ်တမ်းတင်ရေးထိုးထားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဒီမိုကရေစီအခြေခံမူများ၊ လူ့အခွင့်အရေးစံတန်ဘိုးများနှင့် လူသားချင်းစာနာထောက် ထားမှုများကို လေးစားတန်ဖိုးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အစိုးရအသီးသီး အနေဖြင့် တီမောလက်စတေးနိုင်ငံကဲ့သို့ မြန်မာပြည်သူလူထုနှင့်အတူရပ်တည်ပေးကာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြပါရန် NUG က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လက ပြုလုပ်သော တီမောလက်စတေးနိုင်ငံ၏ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုကာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့သည်။

လက်ရှိ တီမောလက်စတေးနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေးရားမို့စ်ဟော်တာသည် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် သံတမန်ဆက်ဆံရေး ကောင်းမွန်ပြီး NUG ကို ကုလသမဂ္ဂအသိမှတ်ပြုရေး၊ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းudk ကုလသမဂ္ဂတွင်နေရာ ဆက်လက်ရရှိရေး အွန်လိုင်း လက်မှတ် ရေးထိုး လှုပ်ရှားမှုတွင်လည်း ပါဝင်လက်မှတ်ရေး ထိုးခဲ့သူဖြစ်သည်။

ပုံစာ-တီမောလက်စတေးနိုင်ငံ သမ္မတ ဟိုဆေးရားမို့စ်ဟော်တာနှင့် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ဒီလီမြို့တော်တွင် တွေ့ဆုံစဉ်

#တီမောသံရုံးယာယီတာဝန်ခံ #စစ်ကောင်စီနှင်ထုတ် #အခြားနိုင်ငံများ #ပြတ်ပြတ်သားသားဆုံးဖြတ်ချိန်တန် #NUG #Ayeyarwaddy_Times