ဧရာ၀တီတိုင်းမ်

ဩဂုတ် ၂၈ ရက်

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်သုံးခုကို ဒေါ်လာအရောင်းအ၀ယ်ကိစ္စနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်း ကမ်းများကို လိုက်နာမှုမရှိဘဲ အရောင်းအ၀ယ်ပြုလုပ် နေသည်ဟုဆိုကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အမေရိကန်ဒေါ်လာအရောင်းအ၀ယ်နှင့်ပတ်သက်၍ အဆိုပါဘဏ်များရှိ တာ၀န်ရှိသူ တစ်ဦးချင်းစီကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းကိစ္စများနှင့် ပတ်သက်ဆက်နွယ်နေသည့် စစ်ကောင်စီ၏ ထိပ်တန်းအရာရှိ ၃၄ ဦးနှင့် လုပ်ငန်းရှင်ခရိုနီသူဌေးတစ်ဦးအပါအ၀င် ဘဏ်နှင့်ပတ်သက်သူ ခြောက်ဦးကိုလည်း ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးခံနေရသည့် ဘဏ်သုံးဘဏ် နှင့် ဆက်စပ်သူများ၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် ပတ်သက်၍ ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် ဆက်လက် စုံစမ်းလျက်ရှိသည်။

ထို့ပြင် စစ်တပ်အရာရှိ အသိုင်းအဝိုင်းများ၏ ရှယ်ယာအများ စုပါ၀င်သည့် UAB ဘဏ်ကိုလည်း ဒေါ်လာကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီက စစ်ဆေးမှုများရှိနေ ကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ စီးပွားရေးရာ ကော်မတီအစည်း အဝေးတွင် ၎င်းတို့တာဝန်ယူချိန်ကပင် ဘဏ်အချို့၏ ဆောင်ရွက်မှုများကို သံသယရှိ ဖွယ်များတွေ့ရှိရသည်။ အချို့သောဘဏ်များအနေဖြင့် ယခုအချိန်ထိ ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှု မရှိသည်ကို တွေ့ရှိနေ၍ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းစဉ်က ဘဏ်များကို အဓိကထား တိုက်ခိုက်မှုများရှိ၍ ဘဏ်များကို ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ဘဏ်များတွင် ငွေထုတ်မရအောင် ATM စက်များ အလုပ်မလုပ်နိုင်စေရန် ဆောင်ရွက်ခဲ့မှုများ ရှိကြောင်း စီးပွားရေးရာ ကော်မတီအစည်း အဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#စစ်ကောင်စီ #ပုဂ္ဂလိကဘဏ် #ဒေါ်လာအရောင်းအ၀ယ် #စစ်ဆေး #စစ်တပ်အရာရှိ #ခရိုနီ #စစ်ဆေးခံနေရ #Ayeyarwaddy_Times