
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဩဂုတ်လ ၂၈ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချရာနေအိမ်နှင့် အုတ်ဖြတ်တံတားအနီးကင်းပုန်းဝပ် နေသည့် စစ်ကောင်စီတပ်များကို ရိုးမစစ်ကြောင်း(၂)နှင့်KNLA ပူပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အုတ်ဖြတ်ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို နေ့လယ်ပိုင်းအချိန်တွင် ၆၀ မမ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း သိရသည်။
“ဒုတိယအကြိမ်တိုက်ခိုက်တာက အုတ်ဖြတ်တံတားကို စနိုက်ပါနဲ့ပစ်နေကြနေရာမှာ စစ်ကောင်စီဘက်ကနေ အရင်ကင်းပုန်းထိုးပြီး လာစောင့်တာ။ အဲ့တာကို ကျွန်တော်တို့ ဘက်က နယ်မြေရှင်းလင်းတာ သွားလုပ်တာပေါ့။ နာရီဝက်လောက်တော့ ထိတွေ့မှုဖြစ် ခဲ့တယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းနေ့ ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် အုတ်ဖြတ်တံတားအရှေ့ဘက်သို့ နယ်မြေရှင်းလင်း ရေးလှုပ်ရှားရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒုတိယ အကြိမ် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ အလောင်းများကို တစ်ရက်အကြာမှ လာရောက် ကောက်ယူ သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် အုတ်ဖြတ်တံတားနှင့် ဘောတံတားတွင် စစခန်းချနေသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အချက်ရေအများအပြားဖြင့် ပြန်လည် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ဖြူးမြို့နယ်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်ခြင်းများ နေ့စဉ်ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ သစ်ခြောက် ခင်ကျေးရွာမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဇလုပ်ကြီးကျေးရွာမှ ဒေသခံအမျိုးသား ၂ ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်။
ဓာတ်ပုံ – ပုံအဟောင်းကိုအသုံးပြုထားသည်။
#ဖြူးမြို့နယ် #အုတ်ဖြတ်တံတား #စစ်ကောင်စီ #ထိတွေ့တိုက်ပွဲ #KNLA #ရိုးမစစ်ကြောင်း၂ #Ayeyarwaddy_Times