
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် သြဂုတ်လနောက်ဆုံးအပတ်ကစပြီး ရပ်ကျေးအရန်အင်အားအဖွဲ့ရန်အကြောင်းပြ၍ စစ်သင်တန်းပေးရာတွင်ကြံ့ခိုင်ရေးပါတီဝင်များပါ ထည့်သွင်းစေခိုင်းခံနေရကြောင်း ရပ်ကျေးကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်များထံကသိရသည်။.
စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ စစ်သင်တန်းပေးရာ၌ မြို့နယ်ကြံခိုင်ရေးပါတီအလုပ်အမှုဆောင်အဖွဲ့ညွှန်ကြားမှုဟုဆိုကာ ပါတီဝင်များကိုသင်တန်းအတွင်းသို့အတင်းအကျပ်စေလွှတ်နေကြောင်း သိရသည်။
” စစ်သင်တန်းစဖွင့်ထဲက မိန်းကလေးတွေကိုထည့်ခိုင်းတာ။ အခုကပါတီထဲကမိန်းမ အသက်အရွယ်မရွေးကို အကုန်သင်တန်းတက်ခိုင်းနေတယ်။
အသက်အရွယ်ကတော့ အသက်အလတ်ပိုင်းတွေကိုသင်တန်းပိုလွှတ်ဖို့အလုပ်အမှုဆောင်အဖွဲ့ကအစည်းအဝေးခေါ်ညွှန်ကြားထားတယ်” ဟု မြို့နယ်ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်အဖွဲ့နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သင်တန်းစေလွှတ်ရာတွင် အသက် ၂၅ နှစ်မှ ၄၅ နှစ်အရွယ်ပါတီဝင် အမျိုးသမီးများကို စစ်သင်တန်းမဖြစ်မနေတက်ရောက်ရန်စေလွှတ်နေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
လေးမျက်နှာမြို့တွင်လည်း သြဂုတ်လနောက်ဆုံးအပတ်ကစ၍ လုံခြုံရေးအရန်အင်အားဟုအကြောင်းပြကာ ပျူစောထီး(ပြည်သူ့စစ်)နှင့် ကြံ့ခိုင်ရေးပါတီဝင်စသည်ဖြင့် အမျိုးသား၊အမျိုးသမီးအင်အား တစ်ထောင်ကျော်ကို မြို့နယ်ခန်းမနှင့်တရုတ်ဘုံကျောင်း၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှစစ်သင်တန်းပေးလုပ်ဆောင်နေကြောင်း မြို့နယ်ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့်နီးစပ်သူများထံကသိရသည်။
#ဝါးခယ်မ #စစ်ကောင်စီတပ် #ကြံ့ခိုင်ရေးပါတီ #စစ်သင်တန်း #Ayeyarwaddy_Times