
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဆန္ဒပြမှုတွင်ပါ၀င်သည်ဟု စွပ်စွဲထားသောနိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်တာ၀န်ရှိသူများက တရားစွဲဆိုလိုက်ကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူများထံက သိရသည်။
သြဂုတ်လ ဒုတိယပါတ်အတွင်း အကျဥ်းထောင်ဆန္ဒပြမှုမှာပါ၀င်သောကြောင့် ရိုက်နှက်အပြစ်ပေးခံထားရသော နိုင်ငံရေးအကျဥ်းသား ၆၂ ဦးအနက်မှ ၃၃ဦးကို အဆောင်များအတွင်းမှ ခေါ်ထုတ်ကာစစ်ဆေးမှုများပြုလုပ်ပြီး တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
” ထောင်မှာဆန္ဒပြတုန်းက အခု ၃၃ ဦးက ၀န်ထမ်းတွေကို ပြန်ခုခံတဲ့အတွက် ခုလို ထပ်ပြီးတရားစွဲလိုက်တာပါ။ ၁၆ ယောက်ကို ပုဒ်မ ၃၃၃ နဲ့ ၁၇ ဦးကို ပုဒ်မ ၃၃၂ နဲ့ပါ”ဟု ပုသိမ်အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။
ခေါ်ယူစစ်ဆေးစဥ်က နိုင်ငံရေးအကျဥ်းသား ၃၇ ဦး ကို စစ်ဆေးခဲ့ပြီး သူတို့အထဲမှ ၃၃ ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန်မိမိအလိုအလျောက် နာကျင်စေမှု/အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ၊ ၃၃၂ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၎င်းမှဆက်လက်ပြောဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က နိုင်ငံရေးအကျဥ်းသားများဆန္ဒပြမှုကို စစ်ကောင်စီတပ်ဖွဲ့ များမှအကြမ်းဖက်ဖြိုခွင်းပြီး ဇွန်လအတွင်းမှာ ပါ၀င်ခဲ့သူများဟုစွတ်စွဲထားသော အကျဥ်းသား ၆၂ ဦးကိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ထပ်တိုးအမိန့်ချလိုက်သေးကြောင်းသိရှိရသည်။
ပုသိမ်ထောင်တွင်၂၀၂၃၊ဇန်နဝါရီ ၆ရက်နေ့က နိုင်ငံရေးအကျဥ်းသား၈ဦးကို တစ်ညလုံးခေါ်ယူနိပ်စက်ခဲ့ပြီးတစ်ဦးပျောက်ဆုံးနေရာမှ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ရသည်။
အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များကပုဒ်မ ၄၂ နဲ့ စစ်ဆေးအရေးယူမှုများပြုလုပ်ပြီး ထောင်၀င်စာပိတ်သိမ်းကာ
နိပ်စက်ညှင်းပန်းမှုများပြုလုပ်ခဲ့ကြောင်းအကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရှိရသည်။
#ပုသိမ်အကျဥ်းထောင် #စစ်ကောင်စီတပ် #နိုင်ငံရေးအကျဥ်းသား #PDF #Ayeyarwaddy_Times