ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် မီတာခ ပေးဆောင်ရန် ကြွေးကျန်ရှိသောနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ မီတာရုံးဝန်ထမ်းများကသြဂုတ်လအတွင်းမဆောင်ပါကဖြုတ်သိမ်းမည်ဟု ခြိမ်းခြောက်မှုတွေပြုလုပ်နေ​ကြောင်းပုသိမ် မြို့ခံများထံမှသိရှိရသည်။

ယခင်က မီတာကြွေးကျန်များအား အရစ်ကျခွဲ၍ ဆောင်ခွင့်ပြုထားရာမှ ကြွေးကျန်မှန်သမျှအား သြဂုတ်လအတွင်းမှ အပြီးပေးဆောင်ရန်ပြောကြားခဲ့ပြီး တစ်လတစ်ခါမဆောင်ပါကအရေးယူမယ်လို့ခြိမ်းခြောက်နေကြောင်း ဒေသခံများမှပြောသည်။

“ EPC ကဝန်ထမ်းတွေပါ စကားပြောတာအရမ်းရိုင်းတယ်၊ ကျန်ငွေရော ဒဏ်ငွေရော သူတို့ကိုတစ်ခါထဲပေးရမယ်ဆိုပြီးပြောတယ်။ မီတာခ ကြွေးကျန်တွေရှိတဲ့အိမ်တွေကိုမီးဖျက်ပြီးမီတာပုံးတွေအ အပြီးဖြုတ်သိမ်းမယ်လို့ပြောတယ်”ဟုမြို့ခံ အမျိုးသမီးတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့တဲ့ ဇူလိူင်လအတွင်းမှာ ပုသိမ်မြို့၊ ရပ်ကွက်များရှိနေအိမ် ၃၀ လုံးထက်မနည်းကို စစ်ကောင်စီလက်အောက်ခံ EPC ရုံးဝန်ထမ်းများက မီတာများ ဖြုတ်သိမ်းခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အခြားရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်းလိုက်လံဖြုတ်သိမ်းနေကာ မီတာပြန်တပ်ဆင်ပါက ဒဏ်ကြေး တစ်သိန်းနီးပါးပေးဆောင်ရကြောင်းမြို့ခံများက​ပြောသည်။

ပုသိမ်မြို့တွင် လျှပ်စစ်မီးကို အချိန်ဇယားဖြင့်သာ ဖြန့်ဝေနေသော်လည်း ပေးဆောင်ရသည့် မီတာခမှာ ယခင်ကထက် လျော့နည်းသွားခြင်းမရှိ​ပဲ ဝင်ငွေရလမ်း နည်းပါးလာချိန်မှာ မီတာခများအား ဖိအားပေးကောက်ခံမှုများ ဆက်တိုက်ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

မီတာဖြုတ်သိမ်းမှုများအပြင် မီတာရုံးဝန်ထမ်းများကမီတာပြန်တပ်ရေးအတွက်ငွေကြေးရယူ လာဘ်စားမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။

#ပုသိမ်မြို့ #စစ်ကောင်စီတပ် #မီတာ #EPC #Ayeyarwaddy_Times