
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း၏နေရာကို ရေတပ်မှ စစ်ဦးစီးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးလိုက်ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။
စစ်တပ်အာဏာမသိမ်းမီက ကာကွယ်ရေးဦးစီးချုပ် (ရေ) မှာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဖယ်ရှား၍ ထိုစဉ်က ရေတပ် စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ကို ကာချုပ် (ရေ) အဖြစ် ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး မိုးအောင်သည် စစ်ကောင်စီ၏ကာချုပ် (ရေ) အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ခွဲကျော်အကြာတွင် စစ်ခေါင်းဆောင်က ၎င်းကိုရာထူးမှ ဖယ်ရှားလိုက်ပြီး ရေတပ်မှ စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
“ရေတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး (ဇွဲဝင်းမြင့်) ကို ရေတပ်ချုပ်နေရာအစားထိုးလိုက်တာ။ ဗိုလ်ချုပ်ကြီးမိုးအောင်တို့ရဲ့ UAB ဘဏ်ကို စစ်ဆေးနေတာတွေ ရှိတယ်။ ဒီအပြောင်းအလဲက ရှေ့လလောက်ကတည်းကလို့ ပြောရမယ်။ သတိမထားမိကြလို့သာ။ ပြည်ထောင်စုအဆင့်အစည်းအဝေးတွေမှာ ပြောင်းလဲခံရတဲ့သူတွေ ပါမလာတော့တာ။ ပြီးတော့ သူ့ကို (မိုးအောင်) ဘယ်နေရာမှာမှ ပြန်ပြီးတာဝန်ပေးထားတာ မရှိဘူး”ဟု နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့်နီးစပ်သည့် စစ်ဘက်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်ချုပ်ကြီး မိုးအောင်သည် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏လူယုံ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဦးအောင်သောင်း၏သားအကြီးဆုံး ဖြစ်သည်။ ယူနိုက်တက်အမရာ – UAB ဘဏ်မှာ ဗိုလ်ချုပ်ကြီး မိုးအောင်၏ညီဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်သည်။
“မိုးအောင်ကို ရာထူးက ဖယ်လိုက်တာ UAB ဘဏ်နဲ့ဆက်စပ်တယ်လို့ သိရတယ်။ ဘာကိစ္စတွေ ဆက်စပ်တာလဲတော့ အသေးစိတ် မသိဘူး။ ပြီးတော သူ့ကို (မိုးအောင်) ဖမ်းပြီး စစ်ဆေးနေတယ်ဆိုတာမျိုးလည်း ကြားတယ်”ဟု နေပြည်တော်ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
UAB ဘဏ်အနေဖြင့် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ပတ်သတ်မှု မရှိကြောင်း၊ ဘဏ်ကို စစ်ဆေးနေခြင်းများလည်း မရှိကြောင်း ယနေ့တွင် ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်ရှိ ဩဂုတ်လနောက်ဆုံးပတ်အတွင်း ကာချုပ် (ရေ) မိုးအောင်အပြင် စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်တိုင်းမှူးရာထူးများကိုလည်း အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#မိုးအောင် #ကာချုပ်(ရေ) #ဇွဲဝင်းမြင့် #တင်အောင်စန်း #Ayeyarwaddy_Times