ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊သြဂုတ်လ ၂၇ ရက်

တနင်္သာရီ တိုင်း၊သရက်ချောင်းမြို့နယ်၊ရငဲရွာတွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ် ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ(PDF)က နှစ်ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ဦးသေဆုံးပြီး ငါး ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကစယ်ဒို နယ်မြေခံတပ်ခွဲ (၃) ထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် ညနေ ၅ နာရီခန့်က ကမြိုင်ရွာ နှင့် ရငဲရွာအကြားမှာ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်များက မိုင်း ခြောက် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီတပ်)က ရငဲရွာ ရဲ့ တောင်ပေါ်ဘုရားမှာ တပ်စွဲဖို့ရောက်လာကြတာ။ အားလုံးက ခြေလျင် စစ်ကြောင်းနဲ့ချီတက်လာတာ။ ကျွန်တော်တို့ ရဲဘော်တွေက မိုင်းနဲ့အရင်ဆွဲပြီး တိုက်ခိုက်ခဲ့တာ။ ပြီးတော့မှ လက်နက်ငယ်နဲ့ ၁၅ မိနစ်လောက် ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာလာခဲ့တယ်” ဟု ကစယ်ဒို နယ်မြေခံ တပ်ခွဲ (၃) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကစယ်ဒို နယ်မြေခံ တပ်ခွဲ (၃) တာဝန်ရှိသူက ဆိုသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် အထိနာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် နောက်တစ်နေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရငဲရွာမြွေတောင်ပေါ်တွင် တပ်စွဲရန် ပြန်တက်လာစဥ် PDF ပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသည့် မိုင်း ခုနစ် လုံး ကို နင်းမိကာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး ထိခိုက်မှုများရှိကြောင်း သိရသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ နှင့် ထိခိုက် ဒဏ်ရာရရှိ သူများကို ခမရ -၄၀၄ တပ်ရင်းအတွင်းသို့ သယ်ယူသွားကြောင်း ကစယ်ဒိုနယ်မြေခံ တပ်ခွဲ (၃) ထံက သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများကို ကစယ်ဒို နယ် မြေခံတပ်ခွဲ (၃)၊ ကျားရိုင်း ပြောက်ကျားတပ်ဖွဲ့ နှင့် ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး PDF ပူးပေါင်းတပ်ဖွဲ့များသည် ထားဝယ် – ပုလော လမ်းပိုင်းကို နယ်မြေရှင်းလင်းရေး လုပ်ငန်းများလုပ်ဆောင်စဥ် စစ်ကောင်စီတပ်လက်အောက်ခံ ရဲယူနီဖောင်း အသစ်များကိုလည်း သိမ်းဆည်းရမိ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- သိမ်းဆည်းရမိသော ရဲယူနီဖောင်းများကို မီးရှို့ဖျက်ဆီးစဥ်

#သရက်ချောင်းမြို့နယ် #ရငဲရွာ #တပ်စွဲ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ဖွဲ့ဝင်၂၅ဦးသေ #Ayeyarwaddy_Times