
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်များအတွက် စစ်လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးနေသည့် စစ်ကောင်စီ၏ အဓိကအားထားရာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များကို တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့က ထဲထဲဝင်ဝင်ကူညီပေးနေ ကြောင်း စစ်နည်းဗျူဟာနှင့် စစ်လက်နက်အကြောင်း ကျွမ်းကျင်သူ CDM အရာရှိများက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထ)၏ လက်အောက်တွင် ရှိသော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)သည် စုစုပေါင်း ၂၅တပ် (ကပစ (၁) မှ (၂၅)တပ်အထိ)ရှိပြီး ယင်းကပစစက်ရုံများသည် မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် တည်ရှိပြီး မကွေးတိုင်းအတွင်း အများဆုံးဖြစ်ကာ အနည်းဆုံး ၁၄ တပ်ရှိကြောင်း သိရသည်။
“ကျွန်တော်နားလည်ထားသလောက်တော့ ကပစစက်ရုံတိုင်းဟာ တရုတ်နဲ့ မကင်းဘူး။ ကပစလက်နက်ထုတ်လုပ်ရေးမှာ သုံးရတဲ့ စက်ကိရိယာတွေက တရုတ်နိုင်ငံလုပ်တွေ များတယ်။ ဒီစက်တွေကို maintenance လုပ်ဖို့အတွက် တရုတ်အင်ဂျင်နီယာတွေကို ဌားရတယ်။ ကပစစက်ရုံတိုင်းလိုလိုမှာ တရုတ်အင်ဂျင်နီယာ လေးငါးယောက် လောက်တော့ အမြဲလိုရှိနေတတ်ကြတယ်။ ပြောရရင်တော့ ကပစစက်ရုံအတော် များများဟာ စက်ပစ္စည်းတွေကလည်း တရုတ်လုပ်၊ နည်းပညာကလည်း တရုတ် နည်းပညာ၊ ကုန်ကြမ်းကလည်း တရုတ်ကလာတာ အဲ့လိုမျိုးတွေများပါတယ်ဗျ“ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်၊ ညပိုင်းကလည်း မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အခြေစိုက် အမှတ်(၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ-၁၀(မင်းလှ))ကို တာဝေးပစ် ဒုံးအတွက် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားက စစ်လက်နက် ထုတ်လုပ်ရေး ပညာရှင်များ ရောက်ရှိနေသောကြောင့် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PRA-မကွေးတပ်ဖွဲ့ထံက သိရသည်။
က.ပ.စ-၁၀(မင်းလှ)သည် ကရင်နီ၊ ကရင်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်မှ အသုံးပြုနေသော တာဝေးပစ် ၁၂၂ ဒုံးများအပြင် တင့်ကားသုံး အမြှောက်ဗုံးသီးများနှင့် လေယာဉ်ပစ်ဒုံး များကိုလည်း အဓိကထုတ်လုပ်လျက်ရှိသည်။
ထို့ပြင် ပိုမိုထိရောက်မည့် တာဝေးပစ်ဒုံးများ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာရှင် သုံးဦး ဦးဆောင်သော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ စစ်လက်နက် ထုတ်လုပ်ရေး ပညာရှင် ၂၀ ဦးဝန်းကျင်အဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ကပစ စက်ရုံများတွင် သုံးစွဲမှုများသည့် လက်နက်ငယ် ကျည်အမျိုးမျိုးနှင့် စိန်ပြောင်း ဗုံးသီး များကိုလည်း အဓိကထုတ်လုပ်နေခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆံမျိုးစုံ၊ ယမ်းပြင်းများ၊ ဘတ်နက်၊ လက်ပစ်ဗုံးနှင့် မိုင်းအမျိုးမျိုးတို့ကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
“MAS ဆိုတဲ့ စနိုက်ဘာ ကလည်း တရုတ်နည်းပညာပဲ။ 122 mm MLRS ဆိုတာလည်း တရုတ်ပဲ။ KS1B missile ဆိုလည်း တရုတ်ပဲ။ တခြားရေတပ်မှာသုံးတဲ့ Gatling Gun တွေ၊ 30 mm Gun တွေလည်း တရုတ်ကပဲ။ 240 mm MLRS နည်းပညာကျတော့ မြောက်ကိုရီးယား ဆီကရတာ။ နောက်ပြီး (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေခေတ်တုန်းက ကပစ ၂၃ ဟာ မြောက်ကိုရီးယား ပရောဂျက်လို့ သိရတယ်။ missile တွေ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့ တယ်လို့ သိရတယ်။ နိုင်ငံတကာက ပိတ်ဆို့လို့ မအောင်မြင်လိုက်ဘူးလို့လည်း သိရ တယ်။ နောက်ပြီးသပိတ်ကျင်း သသနမှာလည်း မြောက်ကိုရီးယားနဲ့ပေါင်းပြီး ယူရေနီယံ သန့်စင်ဖို့ လုပ်ခဲ့ဖူးတယ်လို့ သိရတယ်” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဆိုသည်။
ကပစကို အဆိုပါ နှစ်နိုင်ငံအပြင် ရုရှား၊ ဩစတြီးယား (ဩစတေးလျ မဟုတ်)၊ ဘီလာရုစ်၊ ဆာဘီးယား၊ ယူကရိန်းတို့လည်း ပါဝင်ကူညီနေပြီး ဩစတြီးယားသည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် ကပစနှင့် ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ပေ။ ထို့ပြင် ရုရှားကျူးကျော် စစ်ကာလ စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ဆက်ဆံရေးကြောင့် ယူကရိန်းလည်း လက်တွဲဖြုတ်သွားကြောင်း သိရသည်။
“ခန့်မှန်းမိသလောက်တော့ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ ဘီလာရုစ်၊ ဆားဘီးယား အဲ့လောက်ပဲ ကျန်တော့မယ်ဗျ၊ ကပစကို ပံ့ပိုးနေတာဆိုလို့။ စစ်ခေါင်းဆောင်တွေရဲ့ ခံယူချက်က might is right ပဲလေ။ စစ်လက်နက်အင်အား ကောင်းလေ သူတို့အာဏာ တည်မြဲလေဆိုတဲ့ ရည်ရွယ်ချက်ပါပဲ”ဟု CDM ဗိုလ်ကြီး ဗစ်တာက ပြောသည်။
ထိုကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၅ တပ်အနက် နေပြည်တော်၊ တပ်ကုန်းမြို့ ကပစ(၁) အနီးတွင် တည်ရှိသော ကပစ(၄) သည် အဓိကအကျဆုံး စက်ပြုပြင်နှင့် ပုံစံထုတ်စက်ရုံဖြစ်သည်။
ကပစ(၄) သည် တပ်မတော်မှ သုတေသနပြု ထုတ်လုပ်လိုသည့် လက်နက် အသစ်များကို ဒီဇိုင်းများဆွဲခြင်း၊ သင့်တော်သော ကပစများသို့ဖြန့်ဝေ၍ အသစ်ထုတ် လုပ်စေခြင်း စသည်တို့ကို အဓိကလုပ်ဆောင်သလို ကပစတပ်အားလုံး၏ စက်များကိုလည်း လိုက်လံပြင်ဆင်ပေးခြင်းများ ပြုလုပ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ဖော်ပြချက်အရ သိရသည်။
“ကပစ(၂၀)ကနေစပြီး (၂၅)အထိကတော့ တရုတ် Norinko ကုမ္ပဏီနဲ့ လုပ်ပါတယ်။ တရုတ်တွေ လာတဲ့အချိန်မှာလည်း သူတို့နေဖို့ တန်းလျားတွေကို သူတို့ဘာသာ သူတို့ ဆောက်တယ်။ ချက်ဖို့ပြုတ်ဖို့ကအစ သူတို့တွေ ကွန်တိန်နာနဲ့ တစ်ခါတည်း ပါလာပြီးသား။ ပြီးရင် ဒီဟာတွေကို သူတို့ပြန်မယူသွားဘူး။ စက်ရုံတွေကို ပြန်လှူခဲ့တယ်ပေါ့။ ဒါက တရုတ်တွေအပိုင်း။ မြောက်ကိုရီးယားတွေကိုတော့ ကပစ (၁၄)ဘက်မှာ တွေ့ခဲ့ဖူးတယ်။ သူတို့တွေလာရင် မြောက်ကိုရီးယား Passport နဲ့မလာဘဲ ထိုင်ဝမ် Passport နဲ့ လာတယ်လို့ ကြားဖူးတယ်။ အဲဒီလို မဟုတ်ရင်လည်း ဂျပန် Passport အဲဒီလိုမျိုး Passport နဲ့ လာတယ်လို့လည်း ကြားတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထ)၏ လက်အောက်တွင် ကပစစက်ရုံ ၂၅ တပ်အပြင် တပ်မတော် အကြီးစားစက်ရုံ (တကစ) (၁/၂/၁၀) ၃ တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ ပစ္စည်းထိန်းတပ်(ကထပ)၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်း(ကထက)တို့လည်း ပါဝင်ပြီး ကကထအပါအဝင် ကပစတပ်အားလုံးကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူထားကြောင်း သိရသည်။
“လက်ရှိအခြေအနေအရ ကကထုတ် လက်အောက်ခံ ကပစစက်ရုံတွေဟာ အခုနွေဦး တော်လှန်ရေးမှာ ဘာလုပ်ရသလဲဆိုရင် ထုတ်လုပ်ရေးကို အဓိကလုပ်ရသလို အင်အားရဲ့ သုံးပုံတစ်ပုံကိုလည်း လုံခြုံရေးပေါ့နော်။ လုံခြုံရေးမှာလည်း ခြေလျင်/ခြေမြန် တိုက်ခိုက် ရေးနဲ့ ပူးပေါင်းပြီးတော့ လုပ်နေရတဲ့ အနေအထားရှိတယ်။ အဲဒီတော့ သူတို့ရဲ့ ထုတ်လုပ် ရေးစွမ်းအားက သုံးပုံတစ်ပုံ လျော့ကျနေပြီလို့ ကျွန်တော်တို့ အကြမ်းဖျင်း ပြောလို့ရ ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
ထိုစက်ရုံများသည် လျှပ်စစ်ကို အဓိကထား၍ လည်ပတ်ရသောကြောင့် အဆိုပါ စက်ရုံများသို့သွားသည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ စသည်တို့ကို ဖျက်ဆီးနိုင်ပါက စစ်ကောင်စီ၏ စစ်လက်နက် ထုတ်လုပ်ရေးစွမ်းအား လျော့နည်း ရပ်တန့်သွားမည်ဖြစ်ကြောင်း ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။
“အခုလက်ရှိ ကပစစက်ရုံတွေဟာ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် တစ်ကြောင်း၊ ထုတ်လုပ်ရေးမလုပ်ရဘဲ လုံခြုံရေးလုပ်နေရတာတွေက တစ်ကြောင်း ကြောင့် ထုတ်လုပ် နိုင်စွမ်းမှာ အတော်လေး လျော့ကျလာလိမ့်မယ်လို့ သုံးသပ်မိပါတယ်”ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#စစ်ကောင် #ကာကွယ်ရေးပစ္စည်းစက်ရုံများ # တရုတ်နှင့်မြောက်ကိုရီးယားကူညီ #cdmဗိုလ်ကြီးများ