ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၇ ရက်

ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျီနီပရီဂိုဇင် လေယာဉ်ပျက်ကျမှုမှာ သေဆုံးပြီးနောက် ဝဂ္ဂနာ တပ်ဖွဲ့ဝင်တွေ ရုရှားနိုင်ငံကို သစ္စာခံကြောင်း ဝန်ခံချက်လက်မှတ်ရေးထိုးဖို့ သမ္မတ ဗလာဒီမာပူတင်က အမိန့် ထုတ်ပြန်လိုက်ပါတယ်။

သောကြာနေ့မှစ၍ အာဏာတည်တဲ့ အဆိုပါအမိန့်ကို သမ္မတ ပူတင်က လက်မှတ်ရေးထိုးခဲ့ပြီး ပူတင်ရဲ့ အမိန့်ကြောင့် ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင် သေဆုံးရတာ လုံးဝမမှန်ဘူးလို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ ဉီးဆောင်ခဲ့ပြီးနောက် နှစ်လအကြာမှာ ပရီဂိုဇင် လိုက်ပါလာတဲ့ အထူးလေ ယာဉ်တစ်စင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းက မော်စကိုမြို့တော်ရဲ့ အနောက်မြောက်ဘက်မှာ ပျက်ကျခဲ့ရာ အသက်ရှင်သူမရှိဘူးလို့ ရုရှား လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

စစ်တပ်ကိုယ်စား တာဝန်ထမ်းဆောင်သူ သို့မဟုတ် ယူကရိန်းရှိ အထူးစစ်ဆင်ရေးကို ထောက်ခံသူမှန်သ မျှဟာ ရုရှားနိုင်ငံတော်ကို သစ္စာခံကြောင်း ဝန်ခံချက်လက်မှတ်ထိုးရမယ်လို့ ရုရှားသမ္မတရုံးဝဘ်ဆိုဒ်မှာ ဖော်ပြ ထားတဲ့ ပူတင်ရဲ့အမိန့်အရ သိရပါတယ်။

ရုရှားနိုင်ငံတော်ကို သစ္စာစောင့်သိကြောင်း ဝန်ခံချက်လက်မှတ်ထိုးထားသူတွေဟာ တပ်မှူးတွေ၊ အကြီး တန်းခေါင်းဆောင်တွေရဲ့ အမိန့်တွေကို တင်းကျပ်စွာ လိုက်နာရမယ်လို့ အဆိုပါအမိန့်က ဆိုပါတယ်။

သမ္မတပူတင်ဟာ အစောပိုင်းမှာ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေထံ ဝမ်းနည်း ကြောင်း သဝမ်လွှာတွေ ပေးပို့ခဲ့ပြီး ပရီဂိုဇင်ကို ချီးကျူးခဲ့ပေမယ့် ဆိုးရွားတဲ့ အမှားအယွင်းတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အာဏာရရှိလာပြီးနောက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ဇွန်လအတွင်း ရုရှားစစ် တပ်ကို ပုန်ကန်ဖို့ဉီးဆောင်ခဲ့တဲ့ ပရီဂိုဇင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ပူတင်က ညွှန်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က မမှန်ကန်ဘူးလို့ ရုရှားသမ္မတရုံးက ငြင်းဆန်ခဲ့ပါတယ်။

“ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင် ပါဝင်တဲ့ ခရီးသည်တင်လေယာဉ် ပျက်ကျမှုနဲ့ပတ်သက်လို့ ထင်မြင်ယူ ဆချက်တွေ အမျိုးမျိုးရှိနေပါတယ်” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။

ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်ခဲ့ ပြီး လေယာဉ်ဟာ ကောင်းကင်ကနေ ရုတ်တရက် ထိုးဆိုက်ကျလာတာနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိ သေးပါဘူး။

လေယာဉ်ရဲ့ အပျက်အစီးတွေကြားမှ တွေ့ရှိခဲ့တဲ့ အလောင်းဆယ်လောင်းက ဘယ်သူဘယ်ဝါဆိုတာကို လည်း ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက တရားဝင် အတည်မပြုသေးပါဘူး။

ပျက်ကျတဲ့ ခရီးသည်တင်လေယာဉ်ပေါ်မှာ ပရီဂိုဇင် ရှိနေခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပေမယ့် ပရီဂိုဇင် သေဆုံးသွားပြီဖြစ်တာ ဖြစ်နိုင်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Evening Standard
Ref; Putin orders Wagner soldiers to take oath of allegiance following death of Yevgeny Prigozhin

#Ayeyarwaddy_Times