
ဧရာ၀တီတိုင်းမ်
အုတ်ဖိုမြို့၊ သြဂုတ်လ ၂၇ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုပ်ဖိုမြို့နယ်တွင် CDM ၀န်ထမ်းများကို ဖမ်းဆီးခိုင်းပြီး ပြည်သူများကိုခြိမ်းခြောက်နေသည့် ပျုစောထီးဖွဲ့၀င်ဆိုသူတစ်ဦးသည် ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် အသတ်ခံရကြောင်းသတင်းရရှိသည်။
အသတ်ခံရသည့် ပျုစောထီးအဖွဲ့ဝင် ဆိုသူမှာ ကိုမျိုးဇော်အောင်ဖြစ်ပြီး ဒေါင်းစပါးကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာတွင်နေထိုင်းပြီး ၎င်းဆိုင်ဖွင့်ထားသည့် အရက်ဆိုင်နှင့်ကပ်လျှက်ရှိသည့် ကွမ်းရာဆိုင်တွင် ၀င်ရောက်ကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များကပြောသည်။
”CDM . ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေကိုဖမ်းခိုင်းတယ်၊ NON- CDM အဓမ္မ ပြန်လုပ်ခိုင်းတယ်။ ရွာထဲနေထိုင်တဲ့ ရွာသားတွေကို စစ်အာဏာရှင် မအလဟု ဆဲဆိုသူလို့ စွပ်စွဲပြီး စစ်ကောင်စီကိုဖမ်းခိုင်းတယ်။ တော်လှန်ရေးသမားတွေရဲ့ သတင်းအချက်အလက်တွေကိုစစ်တပ်ကိုသတင်းပေးတယ်၊ ဖမ်းဆီးတဲ့အချိန်မှာလည်း သူကိုယ်တိုင်ပါဝင်တယ်” အုတ်ဖိုမြို့နယ် ပကဖ တာ၀န်ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ အသတ်ခံရသူသည် စစ်ကောင်စီကို ထောက်ခံအားပေးယုံကြည်ကြောင်းပြသရန်ရည်ရွယ်ပြီး ဒေါင်းစပါးအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်အား ထမ်းဆောင်ခွင့်ရရှိရန် ကြိုးစားပြင်ဆင်နေကြောင်းလည်း ဒေသခံများကပြောသည်။
ထို့တူ အုတ်ဖိုမြို့နယ်၊ ဖလံပင်ကျေးရွာနေ ရာအိမ်မှူး၊ ကြံခိုင်ရေးပါတီ အမာခံ စည်းရုံးရေးမှူးဖြစ်သူ မင်းဇော်သည် စစ်တပ်အားကိုးဖြင့် ကျေးရွာနေပြည်သူ များအားဖိနှိပ်ခြင်းနှင့် တော်လှန်ရေးသမားများ၏ သတင်းများကိုပေးမှုကြောင့် ဇူလိုင်၂၇ ရက်နေ့တွင်အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်မောင်းထိမှန်ပြီး အုတ်ဖိုဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ထို့နောက် အုတ်ဖိုဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် မင်းဇော်သည် အသက်သေဆုံးခြင်းမရှိဘဲ ဇူလိုင်လ ၂၈ ရက်နေ့တွင် ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်မှ ထွက်စာတင်၍နှုတ်ထွက်သွားကာ အခြားမြို့နယ်တွင် တိမ်းရှောင် နေထိုင်ကြောင်း သိရသည်။
#အုပ်ဖိုမြို့ #CDMများကိုဖမ်းဆီးခိုင်သည့် #ပျုစောထီးအဖွဲ့၀င်တစ်ဦး #အသတ်ခံရ