
ဧရာဝတီတိုင်းမ်
သာပေါင်း ၊ သြဂုတ်လ ၂၇ ရက်
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၌ ငဝန်မြစ်ရေမှာ စိုးရိမ်ရေမှတ်သို့နီးကပ်လာမှုကြောင့် ငဝန်တာအနီးရှိ ဘုမ္မဲဇာကျေးရွာဒေသခံ ၂၀၀နီးပါးကို ယမန်နေ့ သြဂုတ် ၂၆ ရက်က ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်းဒေသခံများထံကသိရသည်။
သာပေါင်းမြို့အနီးရှိ ငဝန်မြစ်ရေသည်ယမန်နေ့သြဂုတ်လ ၂၆ ရက်နေ့နံနက် ပိုင်းတွင် ရေမှတ် ၅၉၂ပေမှ ညနေတွင် ၆၁၀ သို့ရောက်ရှိလာခဲ့၍ ငဝန်တာအနီးဘုမ္မဲဇာကျေးရွာရှိမြေနိမ့်ပိုင်းနေရာများ၌ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” မြစ်ရေတက်နေတာတော့ကြာပြီ။နှစ်ပတ်လောက်တော့ရှိတော့မယ်။ မနေ့ကတော့စိုးရိမ်ရေမှတ်ကိုကပ်သွားတာ။ တာအနီးဘုမ္မဲဇာရွာကမြေနိမ့်ပိုင်းအိမ်တွေကတော့ရေမြုပ်နေပြီ။အဲ့မှာကအိမ်ခြေ၄၀ ကျော်လောက်ရှိတယ်။ရွှေ့တဲ့သူလည်းရွှေ့နေတယ်” ဟု ၄င်းကပြောသည်။
အဆိုပါငဝန်မြစ်ရေစိုးရိမ်ရေမှတ်အနီးသို့ရောက်ရှိခဲ့မှုကြောင့်ငဝန်တာအနီးဘုမ္မဲဇာကျေးရွာမှအိမ်ခြေ၄၀ကျော်၊ ဒေသခံ ၂၀၀ နီးပါးမှာရေဘေးလွတ်ရာသို့ကိုယ်ထူကိုယ်ထဖြင့်ရွှေ့ပြောင်းခဲ့ရကြောင်းကျေးရွာဒေသခံများထံကသိရသည်။
“မြစ်ရေနဲ့နီးတော့ရွှေ့ဖို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကိုအကူညီတောင်းတာလာကြည့်သွားတာပဲရှိတယ်။ဘာမှကူညီပေးတာမရှိဘူး။ကိုယ့်ဘာသာပဲနေရာရွှေ့လိုက်ရတယ်။အခုရွာထဲကအမျိုးအိမ်မှာလာနေတယ်။ကျွန်မလိုပဲအိမ်ရွှေ့တဲ့သူတွေအကုန်လုံးကိုယ့်အစီအစဥ်နဲ့ပဲပြောင်းခဲ့ရတာ” ဟု နေအိမ်ရွှေ့ပြောင်းခဲ့ရသူ ဘုမ္မဲဇာကျေးရွာဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
ဘုမ္မဲဇာကျေးရွာအနီးငဝန်တာပေါ်၌ ရေဘေးကာကွယ်ရန်နှင့်တာမကျိုးပေါက်နိုင်ရန်ကျေးရွာ ရေကင်းစခန်း(၄)ခု ဖွင့်လှစ်ထားကာရေကင်းစောင့်ကြည့်ရန် အတွက်ပြီးခဲ့သည့်သြဂုတ်လ ၂၅ ရက်ကစတင်ပြီး ဒေသခံကျေးရွာသားများနှင်ဆည်မြောင်းဝန်ထမ်းတို့ကိုတိုင်းဆည်မြောင်းဦးစီးဌာနမှညွှန်ကြားထားကြောင်းသိရသည်။
အလားတူ ငါးသိုင်းချောင်းမြို့၌လည်းပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှစ၍ စိုးရိမ်ရေမှတ်သို့ နီးကပ်လာ၍ မြစ်ကမ်းအနီးနှင့်မြေအနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်သတိပြုနေထိုင်ကြရန်စစ်ကောင်စီလက်အောက်ခံမိုးဇလမှယနေ့ နံနက်ပိုင်း၌သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်ကြေးမုံသတင်းစာ
#သာပေါင်းတွင်ငဝန်မြစ်ရေ #စိုးရိမ်ရေမှတ် #နီးကပ်လာမှုကြောင့် #ဒေသခံ၂၀၀နီးပါးရွှေ့ပြောင်းထား
#Ayeyarwaddy_Times