ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၇ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိဩဂုတ်လ နောက်ဆုံးပတ်အတွင်း၌ စစ်တပ်အတွက်အရေးကြီးသည့် ထိပ်တန်းစစ်ဘက်ရာထူး ၇ ခုကို အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင်သည် လက်ရှိ ဩဂုတ်လ လဆန်းပိုင်းက အရေးကြီးစစ်ဘက်ရာထူး ၂၂ ခုကို အပြောင်းအလဲ ပြုလုပ်ခဲ့သလို ယခုတပတ်အတွင်း၌လည်း ထိပ်တန်းစစ်ဘက်ရာထူး ၇ ခုကို ထပ်မံ၍ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ် (ရေ) အပြောင်းအလဲ
စစ်ခေါင်းဆောင်က ဩဂုတ်လနောက်ဆုံးပတ်အတွင်း၌ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ကို အနားပေးပြီး ၎င်း၏နေရာ၌ ရေတပ်၏ဒုတိယရာထူးအကြီးဆုံးဖြစ်သည့် ရေတပ် စစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် အစားထိုးခဲ့သည်။
စစ်တပ်အာဏာမသိမ်းမီက ကာကွယ်ရေးဦးစီးချုပ် (ရေ) မှာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဖယ်ရှား၍ ထိုစဉ်က ရေတပ် စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ကို ကာချုပ် (ရေ) အဖြစ် ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး မိုးအောင်သည် စစ်ကောင်စီ၏ကာချုပ် (ရေ) အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ခွဲကျော်အကြာတွင် စစ်ခေါင်းဆောင်က ၎င်းကိုရာထူးမှ ဖယ်ရှားလိုက်ပြီး ရေတပ်မှ စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
“ရေတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး (ဇွဲဝင်းမြင့်) ကို ရေတပ်ချုပ်နေရာအစားထိုးလိုက်တာ။ ဗိုလ်ချုပ်ကြီးမိုးအောင်တို့ရဲ့ UAB ဘဏ်ကို စစ်ဆေးနေတာတွေ ရှိတယ်။ ဒီအပြောင်းအလဲက ရှေ့လလောက်ကတည်းကလို့ ပြောရမယ်။ သတိမထားမိကြလို့သာ။ ပြည်ထောင်စုအဆင့်အစည်းအဝေးတွေမှာ ပြောင်းလဲခံရတဲ့သူတွေ ပါမလာတော့တာ။ ပြီးတော့ သူ့ကို (မိုးအောင်) ဘယ်နေရာမှာမှ ပြန်ပြီးတာဝန်ပေးထားတာ မရှိဘူး”ဟု နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့်နီးစပ်သည့် စစ်ဘက်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်ချုပ်ကြီး မိုးအောင်သည် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏လူယုံ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဦးအောင်သောင်း၏သားအကြီးဆုံး ဖြစ်သည်။ ယူနိုက်တက်အမရာ – UAB ဘဏ်မှာ ဗိုလ်ချုပ်ကြီး မိုးအောင်၏ညီဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်သည်။ မိုးအောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
နေပြည်တော်ကို ပြန်ခေါ်ခံလိုက်ရသည့် တေဇကျော်
ဒု ဗိုလ်ချုပ်ကြီး တေဇကျော်သည် ယခင်က ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူးဖြစ်သည်။ NLD အရပ်သားအစိုးရလက်ထက်၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး လာဘ်စားမှုဖြင့်ပြဿနာတက်ချိန် ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နတခတိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးကို နေရာလဲခဲ့သဖြင့် ဗိုလ်ချုပ်တေဇကျော် မြောက်ပိုင်းတိုင်းစစ်တိုင်းမှူး ဖြစ်လာခဲ့သည်။
ထို့နောက်ပိုင်း ကာချုပ်က သဘောကျသဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးတိုး၍ တေဇကျော်မှာ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၁ မှူး) ဖြစ်လာခဲ့သည်။ ကစထ – ၁ လက်အောက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)၊ စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တို့ ပါဝင်သည်။
ဒေသအားဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့မှ စစ်တိုင်းမှူးများနှင့် တပ်ရင်းတပ်ဖွဲ့များကို ကွပ်ကဲရသော အလွန်အရေးပါသည့်စစ်ဘက်ရာထူးဖြစ်သည်။
ထိုသို့အရေးကြီးသည့် ကစထ – ၁ စစ်ဘက်ရာထူးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအယုံကြည်ရဆုံး ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ တေဇကျော်သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ အထူးလျှို့ဝှက်ခရီးစဉ်များတွင် လိုက်ပါနေရသူဖြစ်ပြီး အရေးကြီးခရီးစဉ်များကို လည်း ကြိုတင်စေလွှတ်ခံရသူ တစ်ဦးလည်းဖြစ်သည်။
သို့သော် မပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မကြာမီ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း၌ စစ်ခေါင်းဆောင်က ၎င်းအယုံကြည်ရဆုံး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကိုပါ ဖမ်းဆီး စစ်ဆေးခဲ့သည်။
အချိန် ၁ လခန့်အကြာ ဩဂုတ်လနောက်ဆုံးပတ်တွင် အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၆) မှူးအဖြစ် ပြောင်းလဲခန့်ထားခဲ့သည်။
ယခင် ကစထ – ၆ မှူးဟောင်းမှာ ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦးဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ် ခံရသည့်အတွက် ကစထ – ၆ ရာထူးနေရာမှာ အချိန် ၁ လနီးပါး လစ်လပ်နေခဲ့သည်။ ယင်းလစ်လပ်နေရာကို ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ကစထ ၆ လက်အောက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တစ်ခုတည်းသာရှိပြီး နေပြည်တော်၏လုံခြုံရေးကို အဓိကထားဆောင်ရွက်ရသည့်စစ်ဘက်ရာထူးဖြစ်သည်။
“ကစထ ၆ မှူးခန့်ဖို့ လူရှာတာမှာ တေဇကျော်ထက် ယုံကြည်ရတဲ့လူ သူတို့ (စစ်ခေါင်းဆောင်များ) မတွေ့လို့ တေဇကျော်ကိုပဲ ပြန်ခန့်လိုက်တာ။ အဲတော့ တေဇကျော်က နေပြည်တော်လုံခြုံရေးကို အဓိက ဂရုစိုက်ရမယ့် အနေအထား ဖြစ်တယ်”ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ဒုဗိုလ်ချုပ်ကြီး တေဇကျော်မှာ ကစထ – ၆ မှူးဖြစ်သွားသဖြင့် လစ်လပ်နေသည့် ကစထ – ၁ မှူးနေရာအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးကို စစ်ခေါင်းဆောင်က ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ကာ ခန့်အပ်ခဲ့သည်။
“ကိုကိုဦးက မန္တလေးမှာ နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်တဲ့နေရာမှာ လက်သံပြောင်တယ်။ သူ့ဒေသ မန္တလေးတိုင်းကို ထိမ်းနိုင်တယ်။ အဲတော့ မင်းအောင်လှိုင်က သဘောကျတယ်။ ဒါကြောင့် အရေးကြီးတဲ့ ကစထ ၁ မှူးနေရာကို ရာထူးတိုးပေးတာလို့ ထင်တယ်”ဟု မန္တလေးမြို့မှ စစ်တပ်နှင့်နီးစပ်သူတစ်ဦးက သုံးသပ် ပြောဆိုသည်။
စိတ်ဝင်စားဖွယ်ရာ စစ်တိုင်းမှူး ၄ ဦး အပြောင်းအရွှေ့
အာဏာသိမ်း စစ်ခေါင်းဆောင်က ကစထမှူး ၂ ဦးကို ပြောင်းလဲခဲ့သလို စစ်တိုင်းမှူးနေရာ ၄ ခုကိုလည်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။
ကစထ – ၁ မှူးဖြစ်သွားသဖြင့် လစ်လပ်နေသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးနေရာကို ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကို ခန့်အပ်ခဲ့ပြီး နတခတိုင်းမှူးနေရာကို နေပြည်တော်စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းကို အစားထိုး ခန့်အပ်ခဲ့သည်။
အစုလိုက်အပြုံလိုက် တပ်ပြေးမှုများဖြစ်ပွားခဲ့သည့် ထားဝယ်မြို့အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် စောသန်းလှိုင်ကို နေပြည်တော်စစ်တိုင်းမှူးရာထူး ခန့်အပ်ခဲ့ပြီး ၎င်း၏ကရခ စစ်တိုင်းမှူး နေရာကို တိုက်ခိုက်ရေးသင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်း ကို ခန့်အပ်ခဲ့သည်။
“ခုလိုတွေ ပြောင်းရွှေ့တာတွေ၊ ဖမ်းဆီးတာတွေရယ် အချို့ဆို အင်အားအလျော့ခံရတာတွေကိုပါ ကြည့်ရင် ကိုယ့်လူတွေကိုတောင် မယုံကြည့်တော့တာ သိသာပါတယ်”ဟု CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- ၇၇ နှစ်မြောက် စစ်ကောင်စီစစ်ရေးပြ
အခမ်းအနား
#အရေးကြီး #စစ်ဘက်ထိပ်တန်းရာထူး #ကစထမှူး #တိုင်းမှူး #Ayeyarwaddy_Times