ဧရာ၀တီတိုင်းမ်

(ကနီ)၊ သြဂုတ်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များသား စစ်ကြောင်း ထိုး၀င်ရောက်လာမှုကြောင့် ကျေးရွာ ၉ ရွာမှ ဒေသခံ ၅၀၀၀ ကျော် ညတွင်းချင်း စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

စစ်ကြောင်းထိုး၀င်ရာက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယင်မာပင်မြို့နယ်၊ ကျောင်းကုန်းရွာမှ ထွက်ခွာလာပြီး ကနီမြို့နယ်အတွင်း ယမန်နေ့ သြဂုတ်လ ၂၅ ညနေ ၆ နာရီ၀န်းကျင်တွင် စတင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်က ကနီဘက်ကို ဦးတည်ပြီးထွက်လာတယ်လို့ သတင်းပေးလာကြလို့ ညတွင်းချင်း စစ်ရှောင်ကြရတာ။ အများစုက ချင်းတွင်းမြစ်ကမ်းဘေးက ရွာတွေ များတယ်။ ဒီကောင်တွေ လာပြီဆိုတာနဲ့ပြေးကြရ၊ သူတို့ပြန်ထွက်သွားရင် ရွာပြန်၀င် လိုက်ရတွေက အကြိမ်ရေ ထပ်လာတော့ ပြည်သူတွေ အတော်လေး ဒုက္ခရောက် ကြရတယ်။ လက်ရှိမှာ အလုပ်အကိုင်မရှိနဲ့ ရှိနေတဲ့အလုပ်ကြမလုပ်ရ ပြည်သူတွေ အတော်အကြပ်ရိုက်နေပြီ” ဟု ကနီမြို့နယ်စစ်ဘေးရှောင်များကို ကူညီနေသူ ကိုပြည် အောင်နိုင် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်‌ရှောင်ရသည့် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးမှ ကျေးရွာများမှာ နတ်လာ ပို့တောင်ရွာ၊ နတ်တောင်၊ နတ်မြောက်၊ နွားခြံကုန်း၊ ကျွန်းကလေး၊ ယင်းဘို၊ နတ်မြောက်၊ အုန်းပင်ဆိပ် အစရှိသည့်ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ကနီမြို့နယ်တွင် အသုံးပြုရန်၀ယ်ယူစုဆောင်း၍ ဘုတလင်တွင် သိမ်းဆည်း ထားသည့် ဆေး၀ါးများနှင့် စားနပ် ရိက္ခာများကို တွေ့ရှိပြီး ငါး ကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အင်းပက်ကျေးရွာ ၊ ပတိမ်မြင်ကျေးရွာ၊ ကျောက်မှော် ၊ စုန်းချောင်း ၊ ကျွန်းပေါ် ၊ နှောပင် ၊ ကျောက်ကုန်း နှင့် ကြက်လျာကျေးရွာများတွင်လည်း ဒေသခံ ၁၀,၀၀ဝ ကျော် စစ်ဘေး‌ရှောင်နေရပြီး စားနပ်ရိက္ခာ နှင့်ဆေး၀ါးများလိုအပ်နေကြောင်း ‌ဒေသခံ များထံက သိရသည်။

လက်ရှိတွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ ၁၅,၀၀၀ ကျော် အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ-သြဂုတ် ၂၅ ရက်နေ့ညက စစ်ဘေးရှောင်ပြောင်းရွှေ့ရသည့် ဒေသခံများ

#ကနီ #စစ်ဘေးရှောင်၅၀၀၀ကျော် #ညတွင်းချင်း #စစ်ဘေး‌ရှောင်ရ #Ayeyarwaddy_Times