
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် သြဂုတ်လ တတိယအပတ်အတွင်း ညပိုင်းအပြင်ထွက်သည့်အမျိုးသား (၅)ဦးကို စစ်ကောင်စီတပ်မှပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မြို့ခံများထံကသိရသည်။
ညပိုင်းအလုပ်ပြန်လာသည့် အမျိုးသား (၅)ဦးကို စစ်ကောင်စီတပ်၏ လှည့်ကင်းဖြင့်ကြုံတွေ့နေစဥ်အတွင်းပေါ်တာဆွဲဖမ်းဆီးခံရမှုများရှိနေကြောင်းညောင်တုန်းမြို့ အမှတ် (၈)ရပ်ကွက်နေထိုင်သူများမှပြောသည်။
“ညပိုင်းအိမ်ပြန်တဲ့သူတွေနဲ့ တချို့လည်းခနအပြင်ထွက်တဲ့သူတွေကို ပေါ်တာပုံစံနဲ့ဆွဲဖမ်းတာကြားတယ်။ ရပ်ကွက်ထဲကကောင်လေးတွေလည်းအဖမ်းခံရတယ်။တပ်အင်အားစုဖို့ မအူပင်ကိုခေါ်သွားတာပိုက်ဆံပေးပြီးပြန်လိုက်ခေါ်နေရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေါ်တာဆွဲဖမ်းဆီးမှုများကို ညောင်တုန်း-ပုသိမ်လမ်းမအနီးရှိ မြို့တွင်းရပ်ကွက်နေရာများနှင့်
မအူပင်မြို့နယ်နှင့်နီးစပ်သော ချောင်းကြီး၊ချောင်းဖျားနှင့် ဂန်ချောင်းစသည့်ကျေးရွာတို့၌ အများဖြစ်ပွားနေကြောင်းဒေသခံများထံကသိရသည်။
ယင်းသို့ဆောင်ရွက်ရန် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) နှင့် မအူပင်အခြေစိုက်ခလရ (၂၇) မှ သြဂုတ်လဒုတိယအပတ်ကစ၍ သက်ဆိုင်ရာတပ်ရင်းများအလိုက်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းအရင်းအမြစ်ကဆိုသည်။
” တပ်အင်အားဖြည့်ဖို့လိုက်စည်းရုံးတာ အဆင်မပြေတော့ညပိုင်းထွက်တဲ့လူငယ်၊လူလတ်အရွယ်ယောက်ျားလေးမိန်းကလေးမှန်သမျှပေါ်တာဆွဲဖို့ညွှန်ကြားထားတာ။အခုဒုတိယအပတ်ကစပြီးတော့ပြည်သူ့စစ်ဖွဲ့ခိုင်းတာတို့ပေါ်တာဆွဲအင်အားဖြည့်ခိုင်းတာတွေလုပ်နေပြီ” ဟု ၄င်းကဆိုသည်။
ထို့အပြင်ပေါ်တာဆွဲ ဖမ်းဆီးခံရသူများအနေဖြင့်မိသားစုဝင်များမှပြန်လည်ခေါ်ယူလိုပါက တစ်ပတ်အချိန်အတွင်း စစ်ကောင်စီတပ်ထံငွေကျပ် ၁၀ သိန်း ပေးအပ်မှသာ ပြန်လည်လွှတ်ပေးခြင်းများရှိနေကြောင်း ပေါ်တာဆွဲဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံကသိရသည်။
#ညောင်တုန်းမြို့ #စစ်ကောင်စီတပ် #ပေါ်တာဆွဲ #ငွေတောင်း #Ayeyarwaddy_Times