
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ စက်လှေဆိပ်၌ သြဂုတ်လ နောက်ဆုံးပတ်ကစပြီး ဒေသခံစက်လှေသမားများအား လုံခြုံရေးအကြောင်းပြကာ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့ကစပြီး ကန်ကြီးထောင်မြို့ရှိစက်လှေဆိပ်၌စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲ နှစ်ဦးကို လုံခြုံရေးကင်းချ၍ ဒေသခံစက်လှေသမားများအပေါ် ငွေကြေးကောက်ခံမှုများပြုလုပ်လာခြင်း ဖြစ်ကြောင်း ကန်ကြီးထောင့်စက်လှေဆိပ်အနီးနေထိုင်သူများမှပြောသည်။
“စက်လှေဆိပ်ကို ရဲစခန်းကနှစ်ယောက်နဲ့ စစ်တပ်ကနှစ်ယောက်စီ လုံခြုံရေးလာပြီးကင်းချတာမကြာသေးဘူး။ လှေဆိပ်လာသမျှစက်လှေတွေအကုန်ငွေတောင်းတယ်။ညမိုးချုပ်မှပြန်သွားတာတွေ့နေရတယ်” ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
ဒေသခံစက်လှေသမားများအား စက်လှေအမျိုးအစားအလိုက် တစ်စီးလျှင် ငွေကျပ် ၃ သောင်း မှ ၅ သောင်း ကြားနှင့် ကုန်တင်ပို့သည့်စက်လှေကြီးများကို ငွေကျပ် ၅ သောင်း မှ ၁သိန်း ကြား အတင်း အကျပ်ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဒေသခံစက်လှေသမားများထံကသိရသည်။
” စက်လှေအသေးတွေဆိုရင် နှစ်သောင်းပဲ။ တချို့က ငါးသောင်းပေးရတယ်။ ကုန်တင်တဲ့စက်လှေကြီးတွေဆိုရင်တော့ ငါးသောင်းကနေ တစ်သိန်း ကြားကိုအတင်းတောင်းတာ”ဟု ဒေသခံစက်လှေသမားတစ်ဦးကဆိုသည်။
ကန်ကြီးထောင့်မြို့ အဝင်အထွက်ဂိတ်တွင်လည်း စစ်ကောင်စီတပ်နှင့်ရဲမှ အထိုင်ချစစ်ဆေးပြီး ဖြတ်သန်းသွားလာသည့်ယာဥ်မှန်သမျှငွေကောက်ခံမှုများပြုလုပ်နေကြောင်း ဒေသခံများမှ ပြောသည်။
#ကန်ကြီးထောင့်မြို့ #စစ်ကောင်စီတပ် #စက်လှေဆိပ် #ငွေကောက်ခံ #Ayeyarwaddy_Times