နွေဦးမောင် ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၆ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ တရုတ်ဝမ်ပေါင် ကြေးနီတူးဖော်ရေး ကုမ္ပဏီသည် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ဝက်မှေးကျေး ရွာအား ခြံစည်းရိုးခတ်ခဲ့ပြီး ယခုအခါ ဆည်တဲကျေးရွာကိုပါ ခြံစည်းရိုးခတ်ရန် စီစဥ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် ဝက်မှေးကျေးရွာ တစ်ခုလုံးကို ပိတ်ဆို့ကာ ခြံစည်းရိုးခတ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းမှလူများ ကင်းလှည့်နေကြောင်း ဒေသခံများထံကသိရသည်။

“ဝက်မှေးကျေးရွာ တစ်ရွာလုံးကို ခြံစည်းရိုးခတ်လိုက်ပြီး ရွာရဲ့ ထွက်ပေါက်တောင် မရှိတော့ဘူး။ အစက ရွှေလှေကျေးရွာဘက်ကနေ ထွက်ပေါက်ကျန်သေးတယ်။ အခုက အကုန်ပိတ်ဆို့ ခတ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ရင်းကလူတွေ ကင်းလှည့်နေတာ။ ဒါကြောင့် ဒေသခံသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ ရွှေပြောင်းပေးလိုက်ရတယ်” ဟု ဝက်မှေးရွာဟောင်းက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ပံတောင်းတောင်ဒေသ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းသည် ယခင်က မြေယာ လျော်ကြေး ပေးထားသည်ဟုဆိုကာ လျော်ကြေး ယူထားခြင်းမရှိသည့် မြေနေရာကိုပါ ခြံစည်းခတ်ခြင်းများ လုပ်ဆောင်နေပြီး ဆည်တဲ ကျေးရွာကိုပါ ထပ်မံခြံစည်းရိုးခတ်ရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

“ခုလည်း ဝက်မှေးပြီးတော့ ဆည်တဲ ကျေးရွာကိုပါ ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင် နေတာတွေ့ရတယ်။ တရုတ်စီမံကိန်းက တဖြည်းဖြည်းနဲ့ လက်ပံတောင်း ဒေသကို ဝါးမျိုတော့မယ်” ဟု ဝက်မှေးရွာဟောင်း ဒေသခံက ဆိုသည်။

ဓာတ်ပုံ-လက်ပံတောင်းတောင်ဒေသတွင် မြေယာသိမ်းဆည်းကာ ခြံစည်းရိုးခတ်နေစဉ် (ပုံဟောင်း)

#ဝက်မှေးကျေးရွာ #ဆည်တဲကျေးရွာ #ခြံစည်းရိုးခတ် #တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း #Ayeyarwaddy_Times