
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေရာတွင် စစ်ကောင်စီက ဆန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန်ထုတ်ရောင်းသော်လည်း ဟန်ပြသက်သက်ဖြစ်ပြီး ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဇူလိုင်လတွင် စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူအသစ်ထွက်မည်ဟု ကြေညာပြီး နောက်ပိုင်း ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။
ရွှေဘိုပေါ်ဆန်မွှေးထိပ်စ တစ်အိတ်လျှင် ကျပ် တစ်သိန်းခုနစ်သောင်းခန့်ရှိကာ ပြည်တွင်းစားသုံးမှု များသောပေါ်ဆန်းမွှေအုပ်စုဝင် ဆန်တစ်အိတ်လျှင် ကျက် တစ်သိန်းကျော်နေပြီဖြစ်ကြောင်း ဆန်ဆိုင်များထံမှ သိရသည်။
လက်ရှိတွင်စစ်ကောင်စီက ဆန်ကိုဈေးနှုန်းသက်သာစွာရောင်းချမည်ဟုဆိုကာ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန် သည်များဆီက အချိုးကျဆန်အိတ်များတောင်းခံပြီး ပြည်သူများထံပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒါတွေက ဟန်ပြ ပါပဲ။ ရောင်းပေးနေတာက ဆန်စက်ပိုင်တွေကိုရောင်းခိုင်းတယ်လေ။ ဆန်စက်တစ်ခုကို ဆန်နှစ်အိတ်ပေးရတယ်။ အဲဒီတော့နိမ့်တဲ့ဆန်ကိုပြန်ဝယ်ပြီးတော့ပေးလိုက်တယ်။ အဓိကကတော့ ဈေးချရောင်းတယ်ဆိုတဲ့သဘော for show ပါပဲ” ဟု ဆန်စက်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင်စစ်ကောင်စီက ကျပ်ခြောက်သောင်းတန် ဆန်တစ်အိတ်ကိုတောင်းယူရာတွင် တချို့ဆန်စက်များက ဈေးကွက်ဝင် ဆန်ချောထုတ်လုပ်သဖြင့် ဆန်တစ်အိတ် ကျပ်တစ်သိန်းခွဲပေါက်ဈေးရှိသည့်ဆန် အမျိုးအစားကို ခြောက်သောင်းကျပ်ဈေးဖြင့် မပေးနိုင်၍ တခြားတန်းနိမ့်ဆန် ကျပ်ရှစ်သောင်းတန်ကို ဝယ်ပြီးပေးကြကြောင်း သိရသည်။
“အဓိကက ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ့။ ရောင်းလိုအားနည်းနေတာ ဝယ်လိုအားများနေတယ်။ အဓိက ရောင်းဖို့ ဆန်မရှိဘူး။ အိတ်စပို့မရှိဘူးဆိုပေမဲ့ တချို့ပြောကြတာတော့ နယ်စပ်ထွက်ပေါက်ရှိနေတယ်။ ခိုးထွက်နေတာ ။ ကမ္ဘာ့ဆန်ဈေးကွက်ကို ခိုးထွက်မှာပဲ။ အရင်အနေအထားနဲ့ကမတူပါဘူး ” ဆန်စက်ပိုင်ရှင် တစ်ဦးကဆိုသည်။
ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ထွက်ရှိမှုနည်းပါးနေပြီး ဝယ်လိုအားများနေချိန်တွင် ပြည်ပဆန်တင်ပို့မှုများ ရှိနေခြင်းကြောင့် ဆန်ဈေးပိုမြင့်တက်နေကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆန်လက်ကျန် တန်ချိန် ၃ ဒသမ ၅ သန်းကျော်ခန့်ကျန်ရှိနေပြီး မိုးစပါးထွက်ရှိမည့် အချိန်ထိပြည်တွင်းဆန်ဖူလှုံမှုရှိမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းက ပြောကြားထားသည်။
“လာမည့်မိုးစပါးထွက်ရင် အခုဈေးလောက်တော့မဖြစ်ပေမဲ့ အသစ်က တန်းစားလို့မရဘူး။ အသစ်ဈေးက အဟောင်းဈေးလောက်တော့ မမာဘူးပေါ့။ ခါတိုင်း မနှစ်က အသစ် ၁၅သိန်းရှိရင် ဒီနှစ် သိန်း၂၀ အထက်မှာရှိတယ်။ ဧရာပဒေသာဆန်မျိုး။ ဆန်ကြမ်းရတနာတိုးဆိုရင် အရင်က ၁၇ သိန်းဆိုရင် ဒီနှစ် သိန်း၂၀ အထက်သွားမှာပဲ။ ဆန်ကြမ်းဈေးတက်မှာပဲ ” ဟု ဆန်ကုန်သည်တစ်ဦးက ဆက်လက်ပြောကြားသည်။
ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းကျောင်းသည်ဟုဆိုကာ လက်လီဆန်ဆိုင်များတွင် ဆန်တစ်ပြည်၊ ဆန်အရောင်းဆိုင်များတွင် ဆန်တစ်အိတ်ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၇ မြို့နယ်ရှိ ဆန်လက်လီအရောင်းဆိုင်များတွင် ဧည့်မထဆန် တစ် ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့်ရောင်းချခြင်း၊ မှတ်ပုံတင်ပြကာ ၂၄ ပြည်ပါ ဆန်အိတ်ကို ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကောင်စီ #ဆန်ထုတ်ရောင်းပေးနေသော်လည်း #ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိ
#Ayeyarwaddy_Times