ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ ဩဂုတ် ၂၅ ရက်

ချင်းပြည်နယ်၊ မင်းတပ်-ယောနယ်စပ်တို့တွင် စစ်ကောင်စီက လေကြောင်းကင်းထောက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေပြီး လေကြောင်းဖြင့် အထူးစစ်ဆင်ရေးပြုလုပ်ရန် စီစဉ်နေကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) ထံမှ သိရသည်။

မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်မှု၊ ချောင်းမြောင်းပစ်ခတ်မှုများရှိနေကြောင်း သိရပြီး အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲကြီးနှင့် စစ်ဆင်ရေးတိုက်ခိုက်မှုမျိုး မရှိကြောင်းလည်းသိရသည်။

“စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ထုကနေ ယောမြို့ ကျေးရွာဘက်ကို ဝင်ရောက်လာပြီး ဘယ်ကို ဆက်သွားမယ် မပြောတတ်သေးဘူး။ ကျွန်တော်တို့ အနီးကပ်စောင့်ကြည့် ကင်းထောက်နေပါတယ်။ စစ်ကောင်စီလေတပ်က အထူးစစ်ဆင်ရေးလုပ်ဖို့ အဆင်သင့်အနေအထားလုပ်ထားကြောင်း ကျွန်တော်တို့ သတင်ရရှိထားလို့ ပြည်သူတွေကို တပ်လှန့်ပြီး တတ်နိုင်သလောက်ကြိုတင်ပြင်ဆင်ထားကြပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်ကောင်စီ၏ အထူးစစ်ဆင်ရေးသည် လက်ခတ်တောင်စခန်းကို ပြန်လည်သိမ်းယူရန် လေကြောင်းပစ်ကူ အထူးစစ်ဆင်ရေးလုပ်နေသည်ဟု သတင်းများ ကြားရသော်လည်း ချင်း၊ စစ်ကိုင်းနှင့် ကချင်ဘက်ကိုလည်း အထူးသတိထားရန်လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား စစ်ရေးတင်းမာလျှက်ရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

“မင်းတပ်မြို့နယ်၊ ရွှေအောင်သာကျေးရွာဖက်၊ ထီးလင်းနယ်စပ်က တပ်ချိန်းချင်လို့ ယောင်ပြ စစ်ကြောင်းထွက်တာကို သတင်းလွှဲတဲ့ ဝါဒဖြန့်ချီမှုတွေ စစ်ကောင်စီက လျှောက်လုပ်နေတယ်လို့ ကျွန်တော်ခန့်မှန်းတာပဲ။ အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲကြီးတွေ၊ စစ်ဆင်ရေးကြီးတွေမဟုတ်ရင် သတင်းမထုတ်ဖို့ အထက်က ညွှန်ကြားထားလို့ပါ။ လိုအပ်လို့ ထုတ်ပြန်ရမယ်ဆိုရင် ကျွန်တော်တို့ ထုတ်ပြန်ပေးသွားမှာပါ”ဟု သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ တာဝန်ခံက ဆက်လက်ပြောဆိုသည်။

မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၏ ယာဉ်တစ်စီးပျောက်ဆုံးမှုကြောင့် စစ်ကောင်စီတပ်က ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် စာသင်ကျောင်းများကိုလည်း ပိတ်ခိုင်းထားကြောင်းဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တပ်ဖွဲ့ဝင်များ

#မင်းတပ် #ချင်းကာကွယ်ရေးတပ် #စစ်ကောင်စီ #ထိတွေ့မှုများဖြစ်ပွား #စစ်ကောင်စီက #အထူးစစ်ဆင်ရေးလုပ်ရန်စီစဉ်နေ

#Ayeyarwaddy_Times