
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၂၅ ရက်
စစ်ကောင်စီတပ်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ကရင်နှင့် ကရင်နီဒေသ၌တာဝန်ယူထားသည့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)များကို ကျော်လွန်၍ အာဏာအလွဲသုံးစား ပြုလုပ်ကာ ထိုးစစ်ဆင် ခိုင်းစေမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်က ကရင်နီဒေသရှိ မယ်စဲ့စခန်းနှင့် ကရင်ပြည်နယ်ရှိ လက်ခတ်တောင်စခန်းများ လက်လွှတ်ခဲ့ရသည့်နောက် အထက်မှ ညွန်ကြားမှုမရှိဘဲ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ကစထမှူး များကိုကျော်လွန်၍ အာဏာအလွဲသုံးစားလုပ်ကာ စစ်ဆင်ရေးများ ဖော်ဆောင်ရန် ညွှန်ကြားမှုများ ပြုလုပ်နေကြောင်း နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
“အထက်ကနေ အမိန့်ပေးတာဆိုပြီးတော့ စခန်းကုန်းတွေကို ပြန်သိမ်းနိုင်ဖို့အတွက် ကစထမှူးတွေ၊ ညှိနှိုင်းရေးမှူးတွေကိုကျော်ပြီး အောက်ခြေကို စစ်ဆင်ရေးတွေထွက်ဖို့ အဓမ္မမိန့်ပေး ခိုင်းစေနေတာ။ အထက်က ညွန်ကြားတယ်ဆိုပြီး တကယ်လည်း မဟုတ်ဘဲနဲ့ သူ (မိုးမြင့်ထွန်း) က အာဏာအလွဲသုံးစားလုပ်ပြီး လုပ်ခိုင်းနေတာ”ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်၏အမိန့်ပေးမှု လုပ်ထုံးလုပ်နည်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ပေးပို့သော အမိန့်ညွန်ကြားချက်များကို ဒေသအလိုက် တာဝန်ယူထားသည့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များမှတဆင့် တိုင်းမှူး၊ တပ်မမှူးနှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တာဝန်ခံ စကခမှူးစသဖြင့် အောက်ခြေသို့ အဆင့်ဆင့် ညွန်ကြားရခြင်း ဖြစ်သည်
စစ်ဦးစီးအရာရှိချုပ်ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်မှ စစ်ဆင်ရေးများကို ဒေသဆိုင်ရာကစထမှူးများဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး အောင်အောင် (ကစထ-၂)၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (ကစထ-၄)တို့ကို ကျော်လွန်၍ အောက်ခြေရှိ စစ်တိုင်းမှူးများကို ညွန်ကြားခိုင်းစေနေခြင်း ဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
၎င်းက ကရင်နီဒေသရှိ မယ်စဲ့စခန်းနှင့် ကရင်ပြည်နယ်ရှိ လက်ခတ်တောင် စခန်းကုန်းတို့ ပြန်လည်ရယူနိုင်ရန်အတွက် သာ လွန်အင်အားသုံး၍ မြေပြင်စစ်ကြောင်းထိုးခြင်းအပြင် လက်နက်ကြီးများ၊ လေယာဉ်ပစ်ကူများ အသုံးပြုရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ယင်းကဲ့သို့ ထိုးစစ်ဆင်ရန်ခိုင်းစေချက်ကြောင့် မယ်စဲ့တိုက်ပွဲနှင့် လက်ခတ်တောင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က သေကြေထိခိုက်မှု များခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း ဆုံးရှုံးခဲ့သလို ယနေ့အထိ အဆိုပါစခန်းကုန်း များကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူနိုင်ခြင်းမရှိကြောင်း သိရသည်။
“အထက်ကညွှန်ကြားထားတယ်ဆိုပြီး တပ်တွင်းမှာ စစ်ဆင်ရေးတွေ ထွက်ခိုင်းနေတာ။ အကျဆုံးများနေ တာကိုမကြည့်ဘဲ ပြန်ရယူဖို့အတွက်ပဲ စစ်ကြောင်းထိုးဖို့ တောက်လျောက်တပ်ရင်းတွေကို လွှတ်နေတာ။ အခု တပ်တွင်းမှာ အကျအဆုံးများနေတာတွေကိုဖုံးဖိမရ ဖြစ်နေပြီ။ အထက်မှာလည်း ဝေဖန်စကားသံတွေထွက်နေပြီး တပ်မိသားစုတွေက မကျေနပ်တာတွေဖြစ်နေတယ်”ဟု နေပြည်တော်မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဓာတ်ပုံကို ခေါင်းရင်းတွင် ထားအိပ်သည်ဟု တပ်တွင်း၌ သတင်းကြီးသူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်းဖြစ်ပြီး စစ်ဆင်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ ထူးခြားစွာလုပ်ဆောင်ခဲ့သည့် မှတ်တမ်းများမရှိသော် လည်း စစ်ခေါင်းဆောင်၏ ချီးမြှင့်မြှောက်စားခြင်းခံရပြီး ရာထူးအဆင့်မြင့်တက်လာသူဖြစ်ကြောင်း တပ်အသိုင်းအဝိုင်းက ပြောသည်။
မိုးမြင့်ထွန်းသည် ယခင် နအဖစစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံဟု သတ်မှတ်ခံရသူဖြစ်ကာ မင်းအောင်လှိုင်အလွန် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေးခံရနိင်သူဟု ထင်ကြေးပေးခံထားရသူ ဖြစ်သည်။
လက်ရှိ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည့် မိုးမြင့်ထွန်းသည် နေပြည်တော်စစ်တိုင်းမှူးဘ၀မှ ၂၀၁၇ ခုနှစ်ကစတင်ကာ တပ်မတော် စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နစကစစ်ကောင်စီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်နေသူ ဖြစ်သည်။
မိုးမြင့်ထွန်းသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ညပိုင်းက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်ကို ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ ၎င်းနှင့်မိသားစု၀င် အားလုံးကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအရ ဒဏ်ခတ်အရေးယူပိတ်ဆို့ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများအတွင်းရှိ ၎င်း၏ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ ယင်းနိုင်ငံများရှိသူတစ်ဦးဦးနှင့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းကို တားမြစ်ခြင်းနှင့် အဆိုပါနိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများပါ ပိတ်ပင်ခဲ့သည်။
#Ayeyarwaddy_Times #မိုးမြင့်ထွန်း #စစ်ဆင်ရေး #အာဏာအလွဲသုံးစား #ကရင်နီ #ကရင်