
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် သမဝါယမအသင်းစုဆောင်းငွေကျပ် သိန်း ၅၀၀၀ ကျော် အလွဲသုံးစားမှုဖြင့်အချိန်သုံးပတ်ကြာဖမ်းဆီးစစ်ဆေးခံနေရသည့် အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို ငွေကျပ် သိန်းတစ်ထောင် တောင်းယူ၍ပြန်လွှတ်ပေးခဲ့ကြောင်း တိုင်းသမဝါယမဦးစီးဌာနနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်ထံကသိရသည်။
အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဦးမြင့်ဆွေဆိုသူကို မြို့နယ်သမဝါယမအဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် လာရောက်ဖမ်းဆီးခဲ့ကာပုသိမ်မြို့တိုင်းသမဝါယမဦးစီးဌာနရုံးတွင်အချိန်သုံးပတ်ကြာစစ်ဆေး၍ ပုသိမ်မြို့မရဲစခန်း၌ထိန်းသိမ်းခံခဲ့ရကြောင်း အမှတ် (၉)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” အုပ်ကြီးဟောင်း မြင့်ဆွေကိုသမဝါယမငွေသိန်းငါးထောင်အလွဲသုံးစားမှုနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရယ်သမဝါယမအဖွဲ့ကဇူလိုင်လ ၃၁ ရက်မှာလာဖမ်းသွားတယ်။ ပုသိမ်တိုင်းရုံးကိုခေါ်ပြီးတော့စစ်ဆေးနေတာသုံးပတ်ကြာပြီ” ဟု ၄င်းကပြောသည်။
ယင်းသို့စစ်ဆေးခဲ့ပြီးနောက် တိုင်းသမဝါယမအဖွဲ့နှင့် ပုသိမ်မြို့မရဲစခန်းမှူးဖြစ်သူထံသို့ အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းမိသားစုဝင်အချို့မှ
ငွေကျပ် သိန်းတစ်ထောင်ကျော်လာရောက်ပေးအပ်ခဲ့မှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်၌ပြန်လည်လွှတ်ပေးခဲ့ကြောင်း တိုင်းသမဝါယမဦးစီးဌာနနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်ထံကသိရသည်။
“အချုပ်ထဲနေရတာအချိန်ကြာလာတော့ မိသားစုတွေပုသိမ်ကိုလာပြီးတော့တိုင်းသမဝါယမရုံးကို သိန်း တစ်ထောင် လာပေးသွားတယ်။ ရဲစခန်းကိုတော့ဘယ်လိုညှိလိုက်လဲတော့မသိဘူး။ စခန်းမှူးကို သိန်း ၅၀ ပေးပြီးတော့ပြန်လွှတ်ပေးလိုက်တယ်လို့ကြားလိုက်တယ်။လောလောဆယ်ပုသိမ်မှာပဲရှိနေသေးတယ်” ဟု တိုင်းသမဝါယမဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးကဆိုသည်။
ဓာတ်ပုံ-လူမှုစာမျက်နှာ
#မော်လမြိုင်ကျွန်းမြို့နယ် #သမဝါယမ #အုပ်ချုပ်ရေးမှူး #ဖမ်းဆီး #Ayeyarwaddy_Times