
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ တရုတ်ဝမ်ပေါင် ဦးပိုင်ကြေးနီစီမံကိန်းတွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ရေးတာဝန်များထမ်းဆောင်ရန် စေလွှတ်လိုက်သည့် ဧရာဝတီတိုင်းသား စစ်သင်တန်းဆင်း ပျူစောထီး ၁၄ ဦးကို သြဂုတ်လ ယမန်နေ့ ၂၄ ရက်နေ့တွင် ချင်းတွင်းဂဠုန်ရာဇာ တော်လှန်ရေးတပ်ဖွဲ့ (CGYDF) က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံထားရသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်(ပုသိမ်)က စစ်ရေးပြနှင့် လက်နက်ငယ် သင်တန်း ၂၅ ရက် သင်ကြားပေး ထားပြီး သင်တန်းဆင်းသည်နှင့် လက်ပံတောင်းတောင်ဒေသရှိ တရုတ်ဝမ်ပေါင် ကြေးနီ စီမံကိန်းအတွင်း စစ်ကောင်စီတပ်နှင့်အတူ စစ်ရေးတာဝန်ထမ်းဆောင်ရန်အတွက် စေလွှတ်ခဲ့ခြင်းဖြစ်ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ ပြောကြားချက်အရသိရသည်။
“သူတို့ကို(ပျူစောထီး၁၄ဦး)ဖမ်းဆီးရမိတဲ့အချိန်မှာ စစ်သင်တန်းဆင်းလက်မှတ်တွေနဲ့ သာပေါင်းမြို့နယ် ပြည်သူ့စစ်လုပ်ငန်း လမ်းညွန်စာအုပ်တွေပါတယ်။ သူတို့ကို ခြေမြန်တပ်ရင်း (ခမရ-၃၀၈) က ပြည်သူ့စစ် သင်တန်းပို့ချပေးထားပြီး အဲ့ဒီတပ်ကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပတ် ပါတဲ့ စာအုပ်တွေကိုပါ သိမ်းဆည်းရရှိမိခဲ့တယ်။ စစ်ဆေး မေးမြန်းတဲ့အခါ ဝမ်ပေါင်ကြေးနီစီမံကိန်းက စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲတာဝန်ထမ်းဆောင်ဖို့ လွှတ်လိုက်တာလို့ပြောတယ်။ သူတို့နဲ့အတူ စစ်ရေးပြနဲ့လက်နက်ငယ်သင်တန်း တက်ထားတာ အယောက် ၃၀ လောက်ရှိတယ်လို့ သိရတယ်” ဟု ချင်းတွင်း ဂဠုန်ရာဇာ (CGYDF) သတင်း ပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းသည် စစ်ကောင်စီတပ်၏ ဖိနှိပ်မှုမျိုးစုံ ခံထားရသလို စစ်ကောင်စီတပ်များ ပျော်ပါးရာတိုင်းဖြစ်ပြီး ဧရာဝတီတိုင်းသားအများစုသည် ယခုလက်ရှိနွေဦး တော်လှန် ရေး အဆုံးသတ်တိုက်ပွဲအတွက် မြန်မာနိုင်ငံအနှံအပြားတွင် ပါဝင်တိုက်ပွဲ ဝင်လျှက်ရှိ ကြောင်း ဧရာဝတီတိုင်းမှနေ၍ တော်လှန်ရေးအတွင်း ပါဝင်လာသည့် ရဲဘော် တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ဧရာ၀တီတိုင်းဟာ စစ်ကောင်စီရဲ့ ဖိအားကြောင့် ရုန်းမထွက်နိုင်ဘဲ ဒလန်တိုင်းလို့ နာမည်ပေးထားတာကိုပါ ခံနေရတယ်ဆိုပေမယ့် အဆုံးသတ် တိုက်ပွဲအတွက် တိုက်ပွဲဝင်ပေးဆပ်မှုတွေကို လုပ်ဆောင်နေသူတွေ အများကြီး ရှိပါတယ်” ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေး တပ်ဖွဲ့များ ဖမ်းဆီးရမိသည့် သာပေါင်းမြို့နယ်မှ ပျူစောထီး ၁၄ ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ သို့ အပ်နှံထားပြီး ဥပဒေ စည်းမျဥ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- ဖမ်းဆီးရမိသည့် ပျူစောထီးများနှင့် ၎င်းတို့ထံမှသိမ်းဆည်း ရမိသည့် စာရွက်စာတန်းများ
#တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း #စစ်ကောင်စီတပ်နှင့်အတူ #တာဝန်ထမ်းဆောင် #ပျူစောထီး၁၄ဦး #တော်လှန်ရေးတပ်ဖွဲ့ဖမ်းဆီး #Ayeyarwaddy_Times