ဧရာဝတီတိုင်းမ်

(ဖရူဆို)၊ ဩဂုတ်လ ၂၄ ရက်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယမန်နေ့ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ဒရုန်းဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် သုံး ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှနေ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသည့် ဒေသခံများနေထိုင်သည့် ကျေးရွာကို အကြောင်းမဲ့ဒရုန်း ဖြင့်‌လာရောက် တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး အသက် ၈ နှစ်၊ ၉ နှစ် နှင့် ၁၀ နှစ်အရွယ် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက သူတို့အခြေစိုက်စခန်းတွေ၊ တပ်တွေနဲ့ အနီးအနားကရွာတွေကို ဒရုန်းနဲ့ တောက်လျှောက်ဝဲတယ်။ ကင်းထောက်ဒရုန်းကတော့ ဟိုးအရင်ထဲက အမြဲတမ်း သုံးတယ်။ နောက်ပိုင်းသူတို့က ဗုံးကြဲတဲ့ဒရုန်း တွေပါသုံးလာတာ။ မနေ့ဆို တိုက်ပွဲ ဖြစ်‌တဲ့နေရာမဟုတ်ဘူး၊ တိုက်ပွဲလည်းမဖြစ်ဘူးတဲ့နေရာမျိုးတွေပါ။ အဲ့ဒီနေရာတွေက ပြည်သူလူထုတွေပဲနေတာ။ စစ်ရှောင်စရာလဲမလိုတဲ့ဒေသတွေပါ” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း ဒေသခံများရှိရာနေရာများသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံး တိုက်ခိုက်ခြင်းများပြုလုပ်နေသည်မှာ ကြာမြင့်နေပြီး ယခု ၂၀၂၃ နှစ်စပိုင်းမှစတင်၍ တိုက်ခိုက်ရေးဒရုန်းများဖြင့် အရပ်သား များအပေါ် အကြောင့်မဲ့ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်‌လာလျက်ရှိကြောင်း ‌သိရသည်။

ကရင်နီပြည်နယ်အတွင်း ယမန်နေ့ဩဂုတ်လ ၂၃ ရက်နေ့အတွင်းတွင်ပင် စစ်ကောင် စီသည် ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်ပေါက်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဆိုပါနေရာအနီးတွင် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေး ရှောင်များလည်းနေထိုင်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ-Karenni Nationalities Defense Force – KNDF

#ကရင်နီ #ဖရူဆို #စစ်ကောင်စီတပ် #ဒရုန်းဖြင့်ဗုံးကြဲ #ဒေသခံ၃ဦးဒဏ်ရာရ #Ayeyarwaddy_Times