
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
ဧရာဝတီတိုင်းရှိ ပုသိမ်-ကြံခင်း မီးရထားလမ်းပိုင်းနှင့် ဘူတာရုံများတွင် ပြီးခဲ့သည့်သြဂုတ် ၂၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်သားအချို့ကို အရပ်ဝတ်ဖြင့်ကင်းပုန်းပုံစံချကာ စစ်ဆေးရေးတင်းကြပ်ထားကြောင်းဒေသခံများထံက သိရသည်။
ရန်ကုန် _ မန္တလေး ရထားလမ်းပိုင်းတွင် ဗုံးခွဲခံရမှုကြောင့် ပုသိမ်-ကြံခင်း မီးရထားလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်သားအချို့ကို အရပ်ဝပ်ပုံစံဖြင့် လုံခြုံရေးလိုက်ပါရန်အတွက် တိုင်းစစ်ဌာနချုပ်(နတခ)မှ ညွှန်ကြားထားကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
” ရထားလမ်းတွေ ဗုံးခွဲခံရတာရှိလာတော့ အရပ်ဝပ်ပုံစံနဲ့ လုံခြုံရေးလိုက်ဖို့တို င်းစစ်ဌာနချုပ်က ညွှန်ကြားလိုက်တယ်။ ဘူတာရုံအသီးသီးမှာလည်း ရဲနဲ့စစ်တပ်တွေကို ပူးပေါင်းခိုင်းပြီးတော့ မသင်္ကာတဲ့သူတွေဆိုရင် စစ်ဆေးပြီးဖမ်းခိုင်းထားတယ်” ဟု ၄င်းကပြောသည်။
ယင်းသို့စစ်ဆေးရန်ညွှန်ကြားချက်ကြောင့် ပုသိမ်ဘူတာရုံမှ ကြံခင်းဘူတာရုံအထိ ဘူတာရုံအသီးသီး၌ ရဲတပ်ဖွဲ့ဝင်အချို့သည် လက်နက်အပြည့်အစုံဖြင့် နေရာယူထားသလို စစ်ကောင်စီတပ်သားအချို့သည်လည်း ရထားပေါ်တွင် အရပ်ဝတ်ဖြင့် လိုက်ပါစီးနင်းပြီး ရထားလိုက်ပါစီးနင်းသူ ဒေသခံများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။
” ဘူတာရုံမှာတော့ ရဲတွေက လက်နက်တွေနဲ့သေချာစောင့်ကြည့်နေတာ။ ရထားပေါ်မှာက စစ်တပ်တွေအရပ်ဝတ်ပုံစံမျိုးဝတ်ပြီးတော့ ရထားအတွဲတွေမှာ လိုက်လာတာတွေ့ရတယ်။ ဘူတာရုံမှာလည်း ရထားမတက်ခင်အစစ်ခံနေရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံအမျိုးသား တစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပဲခူးတိုင်းကျောက်တံခါးမြို့နယ်ရှိ ကျောက်တံခါးနှင့် ပဲနွယ်ကုန်းဘူတာကြားရထားလမ်းဖောက်ခွဲခံရမှု၊ တောကျွဲအင်းမြို့နှင့် ဖြူးမြို့နယ်အစပ် ကညွတ်ကွင်းဘူတာအနီးတွင် ရထားလမ်း ဖောက်ခွဲခံရမှုများဖြစ်ပွားခဲ့သည်။
ယင်းသို့ရထားလမ်းပိုင်းများ ဗုံးခွဲရမှုကြောင့် တနိုင်ငံလုံးရှိ ဘူတာရုံများတွင် စစ်တပ်နှင့်ရဲအဖွဲ့ကို လုံခြုံရေးတင်းကြပ်စွာ စစ်ဆေးရန်နှင့်နှင့် ရထားပေါ်တွင် အရပ်ဝပ်ဖြင့်လုံခြုံရေးလိုက်ပါရန် အတွက်စစ်ကောင်စီမှ လျို့ဝှက်ညွှန်ကြားထားကြောင်း သိရသည်။
ဓာတ်ပုံ- သြဂုတ်လ၁၈ရက်နေ့၌ ပဲခူးတိုင်းကျောက်တံခါးမြို့နယ်ရှိကျောက်တံခါးနှင့်ပဲနွယ်ကုန်းဘူတာကြားရထားလမ်းဖောက်ခွဲခံရမှုကြောင့် ရထားစက်ခေါင်းတွဲပျက်စီးခဲ့စဥ်။
#ပုသိမ်-ကြံခင်းရထားလမ်းပိုင်း #ရထားပေါ်နှင့် ဘူတာရုံများ #စစ်ကောင်စီတပ်သား #အရပ်ဝတ်များ
#စစ်ဆေး #Ayeyareaddy_Times